By Mg Dagon / MPA
ခိုးဆိုးလုယက်မှုများပြားနေသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်တွင် ဒုစရိုက်သမားများသာပြန်လည်လွတ်မြောက်လာခြင်းကြောင့် ဒုစရိုက်မှု ပိုမိုဆိုးရွားလာမည်ကို မြို့ခံများက စိုးရိမ်နေကြောင်း သိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ပြုမှုအတွင်း တောင်လေးလုံးထောင်မှ ပြန်လွှတ်ပေးလိုက်သည့်အထဲ ရှမ်းတောင်ရှိ မြို့များမှ နိုင်ငံရေးအကျဉ်းသားများ မပါဝင်ဘဲ ခိုးဆိုးလုနှိုက်များသာ များပြားသည်ဟု မြို့ခံများက ပြောသည်။
“ဒါကြောင့် ရှမ်းတောင်က မြို့တွေအနေနဲ့ အရင်ထက် ပိုပြီး ဂရုစိုက်ကြပါ။ ကားနဲ့ ဆိုင်ကယ်တွေ၊ ဖုန်းတွေ၊ အဖိုးတန် ရတနာပစ္စည်း အလုခံရတာတွေ ရှိလာနိုင်ပါတယ်။ အဲဒီအတွက်နဲ့ ကိုယ့်ရဲ့အသက်ကိုပါ ခြိမ်းခြောက်ခံရပြီး လုယူတာတွေ ရှိလာနိုင်ပါတယ်” လို့ မြို့ခံလူမှုရေးအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။
လတ်တလော တောင်ကြီးမြို့ပေါ်တွင် ခိုးမှုမဖြစ်သည့်ရက်မရှိသလောက် မြင်တွေ့၊ ကြားသိနေရသည်ဟု မြို့ခံများက ပြောသည်။
ယင်းမြို့က ခိုးသူများမှာ တစ်ဦးတည်းတင်မက အဖွဲ့လိုက်အနေဖြင့် အကွက်ချ လုယက်ခြင်း၊ ဓားပြတိုက်ခြင်းများအထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။
“ဆိုင်ကယ်ခိုးမှုက နေ့တိုင်းဖြစ်နေတာ။ တစ်ရက်တစ်စီးမကဘူး။ ခြံရှေ့၊ ဆိုင်ရှေ့မပြောနဲ့ အိမ်ထဲအထိပါ ဝင်ခိုးခံရတယ်။ လုယက်မှုတွေက နားနဲ့မဆန့်အောင်ပဲ” ဟု အိမ်ရှေ့ရပ်ထားစဉ် ဆိုင်ကယ်အခိုးခံရဖူးသူ တောင်ကြီးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ကြောင့် ရဲစခန်းသို့ အထောက်အထားအပြည့်အစုံဖြင့် သွားရောက်တိုင်ကြားခဲ့သော်လည်း သတင်းအစအနပင်မရခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုသို့ ခိုးဆိုးလုယက်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များဘက်က မည်သည့်အရေးယူမှုမျှ ယခုအချိန်အထိ ပြုလုပ်ပေးခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။
“အိမ်ရှေ့လမ်း လှစေချင်လို့ ချိတ်ထားတဲ့ပန်းအိုးတွေ ခဏခဏ အခိုးခံရလို့ ဘာမှ မထည့်တော့ဘူး။ ဘာမှ မချိတ်ထားတဲ့ သံနဲ့ လုပ်ထားတဲ့ ပန်းအိုးချိတ် အလှတိုင်(စည်ပင်ကလုပ်ထားပေးတာ) မနေ့ကပဲ ငါးတိုင် အခိုးခံရတယ်။ ရိုးရိုးပဲ မြေစိုက်ထားတာ မဟုတ်ဘဲ အုတ်နံရံမှာ စကူနဲ့ ဖေါက်ကပ်ထားတာနော်။ အဲဒါနဲ့ ကြာရင် အကုန်ကုန်ရချည်ရဲ့ဆိုပြီး ဒီနေ့ပဲ အလုပ်သမားခေါ်ပြီး ကျန်တဲ့ ၂၄ တိုင် အကုန်ဖြုတ်သိမ်းထားရတယ်။ သံဆို အကုန်ခိုးနေတာ။ ပလက်ဖေါင်းက မြောင်းဖုံးတွေ ဆိုတာ တစ်မြို့လုံး အကုန် အခိုးခံရတာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့တော် တောင်ကြီးမြို့ခံများအနေဖြင့် လုံခြုံရေးအတွက် မိမိဘာသာ ကာကွယ်နေကြရပြီး မည်သည့်အဖွဲ့အစည်းကိုမျှ အားကိုး၍မရဖြစ်နေကြောင်း ပြောသည်။
“တစ်ခါမှ ခိုးဆိုးလုယက်တွေ ဖမ်းမိတယ်လို့မကြားဖူးဘူး။ တမင်များလွှတ်ပေးထားလား အောင်းမေ့ရတယ်။ ဒီကလူတွေက ကိုယ့်လုံခြုံရေး ကိုယ်ပဲ ဂရုစိုက်နေကြရတယ်။ ရှမ်းမြောက်ဘက်က စစ်ဘေးရှောင်တွေလည်း များလာတော့ မြို့က တနေ့တခြားပိုပိုဆိုးလာတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ၂၀၂၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အနေဖြင့် အကျဉ်းသား/သူဦးရေ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား ၁၃ ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ထိုအထဲ မြို့နယ် ၃၃ ခုရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား/သူ ၃၇၈ ဦးလွတ်မြောက်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဧပြီလ ၁၈ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း တောင်ကြီးမြို့ရှိ တောင်လေးလုံးထောင်မှ နိုင်/ကျဉ်းတစ်ဦးမျှ ပါဝင်သည်ကို မတွေ့ရပေ။