By Ko Paing / MPA
စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ခွန်အားများအား ဦးညွှတ်သောအားဖြင့် ၂၀၂၅ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု အဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှု အဖြစ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။
“အသက်၄၀ကျော်ကတည်းက စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးမှာ စစ်အာဏာရှင် တွေကို ကြံ့ကြံ့ခံတွန်းလှန်ခဲ့တာ အခု အသက်၈၀ အရွယ်ထိတိုင်ပါပဲ။ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ကပေးတဲ့ အရေးကြီးတဲ့ မက်ဆေ့ပါ။တော်လှန်ရေးအတွက် အရေးကြီးတဲ့ ခွန်အားတစ်ရပ်ပါ။ပြည်သူ့ ဂုဏ်ရည်ရဲ့ ဂုဏ်ပြုမှုဟာ မြန်မာပြည်သူတို့ရဲ့ အသံပါ”ဟု ၂၀၂၀ရွေးကောက်ခံ မန္တလေးတိုင်းလွှတ် တော်အမတ်တစ်ဦးက MPA သို့ပြောသည်။
၂၀၂၅ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် ရွေးချယ်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းလည်း ဖြစ် ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်သည်။
မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားများနှင့်အတူ တစ်မျိုးသားလုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ပြည်သူ့ဂုဏ်ရည် အသင်းကြီးက ဆက်လက် အားစိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုသည်ဟုလည်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ကြောင်း ဧပြီ ၂၂ ရက်တွင် ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ခဲ့ပြီး ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊တက္ကဆပ်ဌာနခွဲ(ဟူစတန်မြို့)တွင် မေလ ၂၄ ရက်၊ ညနေငါးနာရီမှ ရှစ်နာရီအထိ ကျင်းပသွားမည်ဟု သိရသည်။