By Nway / MPA
လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲသို့ ထိုးအပ်လိုက်ခြင်းနှင့် ပတ်သက်သည့် တရုတ်သံရုံး၏ ထုတ် ပြန်ချက် ဖေ့စ်ဘွတ်ခ်ပို့စ်အောက်တွင် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။
လားရှိုးမြို့နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun ၏ ပြောကြားချက်ကို ဧပြီ၂၂ရက်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဖေ့စ်ဘွတ်ခ်၌ မြန်မာဘာသာ ဖြင့် ဖော်ပြခဲ့ရာ ယင်းပို့စ်အောက်၌ မြန်မာပြည်သူတို့က Comment ရေးကာ မြန်မာ့ပြည်တွင်းရေး ကို ဗြောင်ကျကျဝင်စွက်ဖက်နေသည့် တရုတ်အစိုးရအား အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။
“ခွင့်လွှတ်လို့မရတဲ့ အမှားတွေ မြန်မာပြည်သူအပေါ် စိန(တရုတ်)ဟာ ဆက်တိုက်ကျူးလွန်နေတယ်” ဟု Thet Htet Sone အကောင့် က မှတ်ချက်ပြုထားသည်။
Comment အချို့တွင် မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော တရုတ်အစိုးရ တူသော အကျိုးပေးပါစေဟုပင် နာနာကြည်းကြည်းရေးသားထားကြသည်။
ထောင်နှင့်ချီသော မြန်မာပြည်သူတို့က ပြင်းထန်စွာ ကန့်ကွက်နေသော်လည်း စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့ပါတီ၏ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်သူ Ye Kyaw Zwa ကမူ “ ကျေးဇူးပါ၊ လူကြိုက်နည်းနည်းများများ လူမုန်းနည်းနည်းများများ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်ချက် တွေဆိုတာက သမိုင်းအစဉ်အလာကြီးမားတဲ့ မြို့ပြယဉ်ကျေးမှု (Civilizations) တိုင်းအတွက် မဖြစ်မ နေ ဆက်သွားရမယ့် လူသားဝါဒီ (Humanist) လမ်းကြောင်းအမှန်တွေပါ” ဟု တရုတ်အစိုးရကို ထောက်ခံရေးသားထားသည်။
“ အဲဒီအကောင့်ပိုင်ရှင် Ye Kyaw Zwa ဆိုတာ သန်းရွှေလက်ထက်က မန္တလေးထောင်ထဲကျခဲ့ဖူး တယ်။အရင်တုန်းက အကသ(အခြေခံပညာကျောင်းသားများသမဂ္ဂ)ထဲက။ကွန်မြူနစ်ယောင်ယောင် လည်း လုပ်ခဲ့သေးတယ်။အခုတော့ မင်းအောင်လှိုင်ကျွေးမယ့် အရိုးအရင်းလေး ကိုက်ရမနည်းဘူးဆို တဲ့ကောင်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPAသို့ ပြောသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ စစ်ပွဲများရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။