By Nway / MPA
အာဆီယံ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၌ မြန်မာစစ်အုပ်စု ပါဝင်နေခြင်းသည် ငြိမ်းချမ်းရေးတောင်းဆိုမှုများကို ယုတ်လျော့စေနိုင်ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုများနှင့် ငလျင်ဘေးအပြီး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းမှုများ ရှိနေသော်လည်း လက်ရှိအာဆီယံဥက္ကဌဖြစ်သည့် မလေးရှားနိုင်ငံက အာဆီယံ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အစီအစဉ်များသို့ မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုများတွင် အာဆီယံ အဖွဲ့၏ ကြံရာပါမှုကို ပိုမိုနက်ရှိုင်းစေရုံသာမက မလေးရှားနိုင်ငံက ထုတ်ဖော်ပြောကြား ထားသည့် ကတိကဝတ်များကိုပါ ထိခိုက်စေနိုင်သည်ဟု Justice For Myanmar ကဆိုသည်။
” မြန်မာစစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ အာဆီယံရဲ့စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့ရဲ့ ဘုံသဘောထားငါးရပ်နဲ့ မလေးရှားနိုင်ငံရဲ့ အနှစ်မဲ့ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေရဲ့ ကြောင်သူတော်မျက်နှာဖုံးတွေကို ခွာချလိုက်တာ ဖြစ်ပါတယ်။ အာဆီယံ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု ကြီးတွေကို တက်တက်ကြွကြွ အားပေးကူညီနေပြီး စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေချိန်မှာ မြန်မာနိုင်ငံအတွက် အဖြေတွေဆောင်ကြဥ်းနေပါတယ်လို့ မပြောကောင်းပါဘူး” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
အရပ်သားပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်အုပ်စုအား အားပေးကူညီခြင်းသည် ကျင့်ဝတ်ဆိုင်ရာ ရမ်းကားမှုတစ်ရပ်သာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ဦးဆောင်သူအဖြစ် ကြွေးကြော်ထားသည့် အာဆီယံအနေနှင့် ရှက်သင့်ကြောင်း ၎င်းကဆိုသည်။
” စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါမှုက အတိုင်းထက်အလွန် ကြာမြင့်နေပြီဖြစ်ပြီး အာဆီယံရဲ့ ယုံကြည်ထိုက်မှုအပေါ် စွန်းထင်းနေတဲ့ အမည်းစက်တစ်စက် ဖြစ်နေပါပြီ။ မြန်မာစစ်အုပ်စု အတွက် အရှက်မဲ့ပံ့ပိုးမှုတွေ၊ စစ်ရာဇဝတ်ကောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို အဆုံးသတ်ဖို့အချိန် ရောက်နေပါပြီ” ဟု ၎င်းကဆိုသည်။
အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကတိကဝတ်များကို ပြသချင်လျှင် ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်များရင်းပြီး စစ်အုပ်စုကို ရဲရဲရင့်ရင့် ဆက်လက်ခုခံတော်လှန်နေသည့် မြန်မာပြည်သူများ၏ အသံများအား လေးစားရမှာ ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများတောင်းဆိုထားသည့်အတိုင်း ဘုံသဘောထားငါးရပ်ကို ကျော်လွန်သည့်မြန်မာလူထုဗဟိုပြုနည်းလမ်းနှင့် သာ ငြိမ်းချမ်းရေး ဆောင်ကြဥ်းနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယနေ့ (ဧပြီလ ၂၄ ရက်)သည် အာဆီယံနှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ဘုံသဘောထား ငါးရပ် သဘောတူခဲ့သည့် လေးနှစ်ပြည့်ဖြစ်ပြီး ဘုံသဘောထားငါးရပ်သည် စစ်အုပ်စု၏ အကြမ်းဖက်မှုများအား ရပ်တန့်ရန် ပျက်ကွက်ခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်သာ ဖြစ်ခဲ့ကြောင်း JFMကဆိုသည်။
အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ် မအောင်မြင်မှုနှင့်အတူ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြီးများ ဆက်လက်ရှိနေသော်လည်း အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသည် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်နေပြီး၊ မြန်မာနိုင်ငံတွင်း အကျပ်အတည်းများဖြေရှင်းရေးအတွက် ဦးဆောင်နေကြောင်း ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ အခြေအနေများကို ပိုမိုဆိုးရွားစေကာ နိုင်ငံတကာ၏ ထိရောက်သော အရေးယူဆောင်ရွက်မှုများအား ပိတ်ပင်နေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
စစ်အုပ်စုသည် မတ်လ ၂၈ ရက်၊ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်အပြီး၌ပင် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း JFM ကဆိုသည်။