By Ra Wai / MPA
နိုင်ငံတကာ အသိုင်းအဝန်းအနေနှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ်ထားသည့် သဘောထားကို လေးနက်စွာဆန်းစစ်သုံးသပ်ကြရန် NUG အစိုးရ၊ ယာယီသမ္မတက တိုက်တွန်းလိုက်သည်။
ဧပြီ ၂၂ ရက်၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလ ပြောကြားသည့် အဖွင့်မိန့်ခွန်း၌ ယင်းသို့တိုက်တွန်းခဲ့သလို နိုင်ငံတကာက မြေငလျင်လှုပ်ခတ်မှုအပေါ် အကြောင်းပြု၍ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် တိုက်တွန်းမှု အမြောက်အမြားရှိလာကြောင်း တွေ့ရှိရသည်ဟုလည်း ဆိုသည်။
” စစ်ကောင်စီအနေနဲ့လည်း မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်နိုင်ဖို့ လိုတာက မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတာ နှစ်ပေါင်း ၇၀ ကျော်ကြာ၊ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ယာယီသမ္မတကဆိုသည်။
NUG အစိုးရအနေနှင့် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်း တည်ငြိမ်ရန်ကိစ္စကို အစဉ်တစိုက် လိုလားကြောင်း၊ ထို့ကြောင့်စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး မကြာခင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှအပ၊ အပစ်အခတ်ရပ်စဲကြောင်း ပထမဆုံး ကြေညာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
” ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ ပြည်သူလူထုရဲ့ အဓိက လိုလားချက်တွေကို လျစ်လျူမရှုဖို့တော့ ကျတော်တို့ အားလုံး အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက် လက်ပြော သည်။
ငလျင် ဒဏ်ခံ နေရာဒေသများ၌ ထိုးစစ်ရပ်မည်ဟု ကြေညာခဲ့သော်လည်း စစ်ကောင်စီဘက်က ပြည်သူကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်စွာလုပ်ဆောင်လာကြောင်း စိတ်ပျက်ဖွယ်တွေ့ရှိရသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
” ရန်သူကတော့ ရန်သူပီသတာထက်ကို ပိုပါတယ်။ ဒါ့ကြောင့် ကျတော်တို့အနေနဲ့ ပြင်ဆင်မှုတွေကို လစ်ဟင်းခြင်းမရှိဘဲ အကန့်အသတ်ဖြစ်လာတဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချရင်း စီမံကြဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းအစည်းအဝေး၌ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်ကိုင်းငလျင်ဘေးနဲ့ ပတ်သက်သည့် တုံ့ပြန်ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။