By Mg Dagon / MPA
မြန်မာ့လက်နက်ကိုင်တော်လှန်ရေးအတွက် အားအကောင်းဆုံး ၁၀၂၇ စစ်ဆင်ရေးပေါ်ထွက်ခဲ့သော မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွင်း စစ်ပွဲများရပ်တန့်အောင်လုပ်မည်ဟု တရုတ်အစိုးရဘက်က တရားဝင်ထုတ်ပြောလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ယမန်နေ့ ဧပြီ ၂၂ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်းထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမှာဖြစ်တယ်။ မြန်မာနိုင်ငံမှ ဘက်အသီးသီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ၎င်းက ပြောသည်။
ကိုးကန့်တပ် MNDAA သိမ်းထားသော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံသို့ ယမန်နေ့ မတ်လ ၂၂ ရက်နေ့တွင် လွှဲပြောင်းပေးလိုက်နိုင်ပြီးနောက် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA)တို့က မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ချီးကျူးကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“TNLA ကိုလည်း သူတို့မရရအောင်လုပ်လိမ့်မယ်။ KIA ကတော့ အဲဒီလောက် လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ KIA သာ စစ်ရပ်သွားရင်လည်း ဘာမှမျှော်လင့်စရာမရှိတော့ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပေးသည်။
ထိုသို့ တရုတ်အစိုးရပြောသည့်အတိုင်း ယခုနှစ်အတွင်းဖြစ်ပေါ်လာပါက နွေဦးတော်လှန်ရေးအတွက် စိုးရိမ်ဖွယ်ပင်ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
“ဘာလို့လဲဆိုတော့ မြန်မာရဲ့အဓိကတော်လှန်ရေးမဏ္ဍိုင်က EAOs တွေပဲလို့ပြောလို့ရတယ်။ အဲဒါကိုမှ KIA နဲ့ AA တို့က အဓိကကျနေတယ်။ သူတို့နောက်မှာ ယုံကြည်ရတာက ချင်းနဲ့ ကရင်နီရှိမယ်ဗျာ။ သူတို့ရပ်ရင် PDF တွေလည်း ဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူး။ သူတို့သာ ရပ်ရင် တော်လှန်ရေးကြီးလည်း ထိခိုက်သွားနိုင်တယ်။ ဒါကို တရုတ်ကလည်း ကောင်းကောင်းသိထားတာဖြစ်လိမ့်မယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ထိုသို့တရုတ်နိုင်ငံက မြန်မာပြည်အရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်နေမှုကို မြန်မာပြည်သူများနှင့်တကွ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက မနှစ်မြို့ကြပေ။
“ပါးစပ်ကသာ မြန်မာပြည်တွင်းအရေးမစွက်ဖက်တဲ့မူကို လက်ကိုင်ထားတယ်လို့ပြောနေတာပါ။ ပြောင်ပြောင်တင်းတင်းကို စွက်ဖက်နေတာ အားလုံးမြင်သာနေတာပဲလေ။ အနီးစပ်ဆုံးဥပမာဆိုရင် လားရှိုးကိစ္စသာကြည့်တော့” ဟု ရန်ကုန်မြို့နေ စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ကိုက်ညီပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားသည်ဟု ဆက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၏ ဆန္ဒနှင့်တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက တက်ကြွစွာပံ့ပိုးကူညီနေသည်ဟု ၎င်းက ပြောသည်။
တဖန် စစ်ကောင်စီနှင့် MNDAA တို့၏ ဖိတ်ကြားချက်အရ တရုတ်အစိုးရအနေဖြင့် မကြာသေးမီက ပစ်ခတ်ရပ်စဲမှုစောင့်ကြည်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ခဲ့ပြီး ယင်းနှစ်ဖွဲ့အကြား ပစ်ခတ်ရပ်စဲရေးကို စောင့်ကြည့်မည်ဖြစ်ကြောင်း၊ လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းကို မျက်မြင်သက်သေခံသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တရုတ်အစိုးရသည် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် MNDAA ၊ တအာင်းတပ်မတော် TNLA ၊ အာရက္ခတပ်တော် AA တို့နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်အခပ်ရပ်စဲရေး ဆွေးနွေးပွဲများကိုပြုလုပ်ရန် ကြားဝင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်ကင်းစင်ရေးနှင့် ကျားဖြန့်နှိမ်နင်းရေးတို့အတွက် ဦးတည်ပြီး ရှမ်းပြည်(မြောက်ပိုင်း)တွင် ညီနောင်သုံးဖွဲ့ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ဆင်နွှဲခဲ့ပြီး အောင်မြင်မှုများစွာရခဲ့သကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးအရှိန်ကိုလည်း များစွာမြှင့်တင်နိုင်ခဲ့သည်။