By Mg Dagon / MPA
စစ်ကောင်စီသည် ငလျင်ဘေးအရေးပေါ်ကာလအဖြစ် ကြေညာထားသော်လည်း စစ်မှုထမ်းအမှတ်စဉ် ၁၂ ကို ယမန်နေ့ ဧပြီ ၂၁ ရက်ကစတင်၍ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် စခန်းသွင်းလိုက်ကြောင်း သိရသည်။
သမိုင်းဝင်ငလျင်ကြီးစတင်လှုပ်ခတ်ခဲ့သည့် မတ် ၂၈ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိ ငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်ကာလအဖြစ် စစ်ကောင်စီက ကြေညာထားချိန်ဖြစ်သည်။
အမှတ်စဉ် ၁၂ အတွက် စစ်သင်တန်းဖွင့်ပွဲများကို ယခင်အမှတ်စဉ်များကဲ့သို့ စစ်ကောင်စီတပ်လက်အောက်ခံ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ လေ့ကျင့်ရေးကျောင်းများတွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအပတ်စဉ်အတွက် တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ကျိုင်းတုံမြို့နယ်မြေခံသင်တန်းကျောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမှတ် ၁ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းများတွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းမီဒီယာများနှင့် တယ်လီဂရန်ချန်နယ်များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ငလျင်ကြီးမလှုပ်ခတ်ခင် ရက်ပိုင်းအတွင်း အမှတ်စဉ် ၁၂ အတွက် မန္တလေးမြို့တွင် ရပ်ကွက်အလိုက် မဲနှိုက်သည့်စနစ်ဖြင့် စစ်သားစုဆောင်းခြင်းများ အကြီးအကျယ်ပြုလုပ်ခဲ့သေးသည်။ ထိုအကြောင်း လူမှုကွန်ရက်များပေါ်တွင် ရုပ်သံမှတ်တမ်းများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။
သို့သော် လက်ရှိမန္တလေးမြို့တွင် စစ်မှုထမ်းစုဆောင်းမှုများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အာရုံမကျသေးကြောင်း မြို့ခံများက ပြောသည်။
“ငလျင်လှုပ်အပြီးမှာတော့ ငြိမ်နေတယ်။ ဘာသံမှမကြားရဘူး။ အာရုံမရကြသေးလို့နေမယ်။ ဒါက ရပ်သွားမယ်လို့တော့ မထင်ဘူး” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရန်ကုန်အပါအဝင် ဒေသအချို့တွင်လည်း ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် စစ်သားစုဆောင်းမှုများကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံများဘက်က အာရုံကျခြင်းမရှိသေးဘဲ ငြိမ်သက်နေသည်ဟု သိရသည်။
“ဘာမှမကြားဘူးသိလား။ ငြိမ်နေတယ်။ ငလျင်နဲ့ သင်္ကြန်ကြောင့်ဖြစ်မယ်။ ကျမတို့လည်း အဲဒါကို စိတ်ပူနေတာ” ဟု ရန်ကုန်မြို့နေ စစ်မှုထမ်းဆင့်ခေါ်စာရရှိထားသူ လူငယ်အမျိုးသား၏ ဇနီးက ပြောသည်။
ထို့ပြင် စစ်ခေါင်းဆောင် ဘုရားထီးလာတင်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်လည်း ယခုလအတွင်း စစ်မှုထမ်းစုဆောင်းမှုများ ငြိမ်သက်နေသည်ဟု မြို့ခံများက ပြောသည်။
“ငလျင်နဲ့ သင်္ကြန်ကြောင့်များလားမသိဘူး။ ငြိမ်နေတယ်။ ကျွန်မတို့ဆီက အရင်လည်း အရမ်းကြီးတော့ ဘာမှမဖြစ်ခဲ့ဘူး။ အသိတွေထဲက လူငယ် နှစ်ယောက်၊ သုံးယောက်လောက် စာရင်းပါလို့ ထွက်ပြေးကြတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ဘူး။ ပိုက်ဆံပေးလိုက်လို့လားမသိဘူး။ နောက်တစ်ယောက်ကတော့ ပိုက်ဆံအတော်ရှိတယ်။ သူကတော့ မပြေးဘူး။ အခုထိ သွားသွားလာလာပဲ” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သို့သော် ငလျင်ဘေးကြီးငြိမ်သက်သွားချိန်တွင် စစ်မှုထမ်းပြဿနာမှာ ပြန်လည်ဖြစ်ပေါ်လာနိုင်သည့်အတွက် စိုးရိမ်ပူပန်နေရသည်ဟု စစ်မှုထမ်းသက်အကြုံးဝင်သူများနှင့် မိဘများက ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် စစ်အစိုးရကပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့်အပြင် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က နည်းဥပဒေကို စိတ်ကြိုက်ရေးဆွဲပြဌာန်းခဲ့သည်။
ထိုဥပဒေဖြင့် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း စစ်မှုထမ်းသင်တန်းများစတင်ခေါ်ယူခဲ့ပြီး ယခုအခါ အပတ်စဉ် ၁၂ အထိ ရောက်ရှိလာခဲ့ပြီဖြစ်သကဲ့သို့ အပတ်စဉ် ၉ အထိ သင်တန်းဆင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။