By Ko Paing/MPA
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။
၂၀၁၅ခုနှစ်၊ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင် ဖြစ်သော မတရား ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ဒေါ်ဆောင်ဆန်းစုကြည်ကို ပြည်သူဂုဏ်ရည်ဌာနခွဲ အသီးသီးရှိ အဖွဲ့သားများက ရိုသေလေးစား တန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုပါကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း က ယနေ့ (ဧပြီ ၂၂ ရက်) ထုတ်ပြန်လိုက်သည်။
“ကျတော်တို့ပြည်သူတွေရဲ့ တန်ဖိုးထားရမှု၊ကျတော်တို့ရဲ့ စံ၊ ကျတော်တို့ရဲ့ မျှော်လင့်ချက်၊ စစ်အာဏာရှင်တွေ ကြောက်ဒူးတုန်နေရတဲ့ ကျတော်တို့ရဲ့ လူထုခေါင်းဆောင်ကို အခုလိုဂုဏ်ပြုတဲ့အပေါ် မြန်မာပြည်သူအားလုံးလည်း ဝမ်းမြောက်ဂုဏ်ယူကြမှာပါ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPA သို့ပြောသည်။
၁၆ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊တက္ကဆပ်ဌာနခွဲ(ဟူစတန်မြို့)တွင် မေလ၂၄ရက်၊ ညနေငါးနာရီမှ ရှစ်နာ ရီအထိ ကျင်းပသွားမည်ဟု သိရသည်။
၁၅ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော လူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ ၊ ၁၄ ကြိမ်မြောက်တွင် ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ချီးမြှင့်ခဲ့သည်။