By Ra Wai / MPA
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ရပ်ကျေးအုပ်ကြီးတို့က လစဉ် ဂါရဝကြေး ကျပ် ငါးသိန်းမှ ၁၀သိန်းကျော်အထိ ပေးနေရကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ပြီး ဂါရဝကြေးကို လက်ရှိ မော်လမြိုင်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် တင်ချို(မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ)ထံသို့ လစဉ် သွားပေးရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ ဝင်ငွေသိပ်မကောင်းတဲ့ အုပ်ကြီးတွေက ငါးသိန်း၊ဝင်ငွေကောင်းတဲ့ အုပ်ကြီးတွေက ၁၀သိန်းကျော်။ ဂွင်ကောင်းတဲ့ အုပ်ကြီးတွေက without ကား အစီးလိုက် လက်ဆောင်ပေးတာမျိုးလည်းရှိတယ်”ဟု ၎င်းက MPA သို့ပြောသည်။
မော်လမြိုင်မြို့၊ ဖက်တန်း၊မြေနီကုန်း၊မြိုင်သာယာစသည့် ရပ်ကွက်ကြီးများ၏ အုပ်ချုပ်ရေးမှူး များ၏ တစ်လတာ ရရှိသော တရားမဝင် ဝင်ငွေမှာ ကျပ်သိန်း၁၀၀ ခန့်ရှိကြောင်း သိရသည်။
“စားသောက်ဆိုင်တွေ၊ကေတီဗီတွေ ပေါတဲ့ ရပ်ကွက်ဆို ဝင်ငွေကောင်းတယ်။ မော်လမြိုင်အုပ်ကြီး တွေက ရဲထက် ရပ်ကွက်ထဲမှာ အာဏာပိုကြီးတယ်။ မော်လမြိုင်က PDF လည်း ကြောက်စရာမလို တော့ ကြိုက်တာလုပ်စမ်းပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
မော်လမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှာ စားသောက်ဆိုင်၊ကေတီဗီဆိုင်၊အနှိပ်ခန်း၊ပြည့်တန်ဆာ ခန်း၊ချဲ၊မူးယစ်ဆေး၊လောင်းကစား၊ အိမ်ခြံမြေအရောင်းအဝယ်နှင့် စစ်မှုထမ်းကြေးတို့မှ တရားမဝင်ဝင်ငွေရရှိကြကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ပွင့်လင်းရာသီမှစ၍ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ၌ ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းများခင်း ခွင့်ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဝင်ငွေပိုကောင်းလာကြကြောင်း သိရသည်။
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းသည် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌလည်း ဖြစ်သောကြောင့် မွန်ပြည်နယ်အုပ်ချုပ်ရေးပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ကြီးစိုးလျက်ရှိကြောင်း သိရသည်။