By Maung Dagon / MPA
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် အဖွဲ့တိုင်းနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည့်အကြောင်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သူတစ်ဦးက ပြန်လည်ပြောပြခြင်းဖြစ်သည်။
“မည်သည့်အဖွဲ့မဆို၊ ဘယ်အဖွဲ့ဖြစ်ဖြစ် ဆွေးနွေးမယ်။ ကြိုတင်သတ်မှတ်ချက် မထားကြနဲ့။ လာသာလာခဲ့။ တကယ်လို့ ရှိရင်လည်း အဲဒါကို စ,ဆွေးနွေးမယ်။ နေရာမရွေးဘူး။ ဆွေးနွေးဖို့အသင့်ရှိတယ်” ဟု စစ်ကောင်စီငြိမ်း/ကော် ဥက္ကဋ္ဌက ပြောသည်။
သို့သော် NUG ဘက်ကမူ အယုံအကြည်မရှိဖြစ်နေပြီး ဆွေးနွေးလိုစိတ်မရှိဖြစ်နေသည်ဟု အဆိုပါပွဲတက်ရောက်ခဲ့သူက ပြောသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က “ကျတော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့က နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ရှိပြီးသားဖြစ်တယ်။ အဲ့ဒီဟာက ကန့်သတ်ချက်တွေ ဘာတွေပြောနေစရာမလိုဘူး။ ကျတော်တို့နိုင်ငံနဲ့ ပြည်သူလူထုအတွက်၊ အထူးသဖြင့် ကျတော်တို့နိုင်ငံမှာ အခုလိုမျိုး စစ်တပ်က ခဏခဏအာဏာသိမ်းပြီး ပြည်သူကိုနှိပ်စက်မှုပြုနေတဲ့ အဆိုးသံသရာလည်နေတာကို ရပ်တန့်ဖို့ အင်မတန်မှ အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေက တကယ့်အခြေခံ၊ မဖြစ်မနေ တိုင်းပြည်ကို ခေတ်ပြောင်း၊ စနစ်ပြောင်းလုပ်မယ်ဆိုရင်တော့ ဒီအချက်တွေနဲ့ ကိုက်ညီမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ ဦးတည်ချက် ခြောက်ရပ်ကို အတိအလင်းကြေညာထားတာဖြစ်တယ်။ ဒီအချက်တွေပေါ်မှာ အခြေခံပြီးမှသာလျှင် စကားပြောမယ်ဆိုတဲ့ ကိစ္စရပ်တွေက ဖြစ်ဖို့ရှိပါမယ်” ဟု ပြောသည်။
သို့သော် စစ်ကောင်စီအနေဖြင့် လက်ခံဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု ပြောဆိုရုံဖြင့်မရဘဲ၊ လက်ရှိ စစ်တပ်က လုပ်ဆောင်နေသည့် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး သတ်ဖြတ်မှုများကို ရပ်တန်းက ရပ်ရန် နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်း၊ ပြောင်းလဲမှု လိုလားသည့် စိတ်ဆန္ဒများကို ပြသခြင်းမရှိပါက တော်လှန်ရေးအင်အားစုများက လက်ခံ ဆွေးနွေးမည်မဟုတ်ကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောကြားသည်။
ထို့ပြင် အညာဒေသ မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ထိုသို့ဆွေးနွေးမည်ဟုပြောဆိုခြင်းနှင့်ပတ်သက်ပြီး အယုံအကြည်မရှိကြောင်း မှတ်ချက်ပေးကြသည်။
“သူတို့ကတော့ အခုမှ ဒီစကားကို ပြောတာမဟုတ်ပါဘူး။ တလျှောက်လုံး အဲဒီစကားကို သုံးလာတာမို့ ဘာမှတော့ အရေးမကြီးပါဘူး” ဟု မကွေးတိုင်း၊ မြိုင်နှင့် ပေါက်ဒေသရှိ ကာကွယ်ရေးတပ်များစုပေါင်းဖွဲ့စည်းထားသည့် အညာမြေတပ်ပေါင်းစု၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တဖန် NUG/PDF နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ထင်မြင်ယူဆချက်များကို ၎င်းက အချက် လေးချက်ဖြင့် ထောက်ပြပြောဆိုသည်။
“တစ်အချက်က မခံချိမခံနိုင်မှု၊ နှစ်အချက် NUG/PDF သည် အာဏာသိမ်းပြီးနောက်မှ တအား အားကောင်းလာတော့ အရမ်းကို မုန်းတီးမှု၊ သုံးအချက်က အမေစုရဲ့ NLD နဲ့ ၁၀၀ ရာခိုင်နှုန်း ဆက်စပ်နေမှု၊ လေးအချက်က ပြည်သူ့ထောက်ခံမှုကို ၁၀၀ ရာခိုင်နှုန်း ရထားလို့။ အဲဒီအချက်တွေက စခတွေ တအားကို မုန်းတီးပြီး မနာလိုဖြစ်စေတယ်။ ဒါကြောင့် ဒီအဖွဲ့တွေကို နောက်ဆုံး နောက်ဆုံး သူတို့ လုံးလုံးရှုံးမှသာ ထွက်ပေါက်အဖြစ် လက်ဆွဲလိမ့်မယ်လို့ ကျတော်တော့ ခန့်မှန်းတယ်” ဟု ၎င်းက ပြောသည်။
မတ်လနောက်ဆုံးပတ်ကပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း စစ်ကောင်စီခန့် ငြိမ်း/ကော် ဥက္ကဋ္ဌက “ကျတော်တို့က ဘာသတ်မှတ်ချက်မှ မရှိဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေက သတ်မှတ်ချက်တွေရှိတယ်။ တပ်မတော်က နိုင်ငံရေးက ထွက်မှတို့၊ တပ်မတော်ကို ဖျက်မှတို့၊ ယာယီအစိုးရဖွဲ့မှတို့ စသဖြင့် ဒီလိုမျိုး ကန့်သတ်ချက်တွေ၊ အဲ့ဒါတွေရှိမှ လာဆွေးနွေးမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်။ ဒါပေမဲ့ အဲဒီတောင်းဆိုမှုတွေကိုလည်း လက်ခံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်” ဟု ပြောကြားခဲ့သည့်အကြောင်း စစ်ကောင်စီအတွက် ဝါဒဖြန့်သတင်းဌာနများ၏ တယ်လီဂရမ်များတွင် ဖော်ပြထားသည့် ဗီဒီယိုများအရ သိရသည်။
လက်ရှိလက်နက်ကိုင်တိုက်ပွဲ လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် နယ်မြေ လေးပုံ တစ်ပုံပင်မရှိတော့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၅ မြန်မာ့နှစ်သစ်ကူးမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ယခု ၂၀၂၅ နှစ်တွင် ကြီးမားသည့်တော်လှန်ရေးအလှည့်အပြောင်းဖြစ်လာစေမည့်နှစ်၊ ပြည်သူလူထုအတွက် တော်လှန်ရေးအပြီးသတ် အောင်ပွဲကို ယူဆောင်သွားနိုင်မည့်နှစ်ဖြစ်လာစေရန် တော်လှန်ရေးအင်အားစုများကြိုးပမ်းရမည်ဟု ယာယီသမ္မတက ပြောကြားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီတို့တွင် နှစ်ကြိမ်အထိ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်ဖိအားကြောင့် MNDAA အနေဖြင့် ပြီးခဲ့သည့်နှစ် ဇူလိုင် ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့သည့် လားရှိုးမြို့မှ ယခုနှစ် ဧပြီလအတွင်း ပြန်လည်ဆုတ်ခွာခဲ့ရပြီဖြစ်သည်။
အလားတူ NSPNC သည် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်ဖြစ်သည့် တအာင်းအမျိုးသားတပ်မတော်(TNLA)နှင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်းဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ယခု ဧပြီလအတွင်း နှစ်ဖွဲ့ ထပ်မံတွေ့ဆုံရန်ရှိသည်ဟု PSLF/TNLA ဘက်က ဖေဖော်ဝါရီဆွေးနွေးပွဲအပြီး ထုတ်ပြောထားသော်လည်း ဧပြီ ၂၀ ရက်နေ့အထိ ဖြစ်ပေါ်လာခဲ့ခြင်းမရှိသေးပေ။
စာတည်း-ကိုဆန်း