Mg Dagon / MPA
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် ဉာဏ်ရည်မပြည့်မီသူ အမျိုးသား တစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ရက်၊ ညနေ ငါးနာရီခန့်က အထက်ပါအမျိုးသားသည် ဆံပင်ညှပ်ရန် စက်ဘီးဖြင့် အိမ်မှ ထွက်လာပြီးနောက် ယနေ့အထိ ပြန်လည်တွေ့ရှိမှုမရှိသေးခြင်းလည်းဖြစ်သည်။
“ ကိုကြီးရယ် နင့်ကို စိတ်ပူလိုက်တာဟာ တကယ်သာ စစ်သားစုဆောင်းရေးထဲရောက်နေမယ်ဆိုရင် မပြောတတ် မဆိုတတ်နဲ့ နင်ဘယ်လောက်ကြောက်နေမလဲ၊ အရိုက်ခံရမလား အသက်ရှင်သေးလားဆိုတာ ၊ ငါစိတ်ပူလိုက်တာ၊ နင်အိမ်ကို အမြန်ပြန်လာပါတော့၊ ဒီတစ်ခါ နင်အိမ်ပြန်လာရင် နင်ဖြစ်ချင်တာ ငါဘာမှ မငြင်းတော့ဘူး။ ငါနင်လိုချင်တာ မှန်သမျှ အကုန် ရအောင်ဝယ်ပေးမယ်။ နင်သွားချင်တဲ့နေရာမှန်သမျှ ငါလိုက်ပို့ပေးပါ့မယ်” ဟု ပျောက်ဆုံးနေသည့် အမျိုးသား၏ ညီမ ဖြစ်သူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဉာဏ်ရည်မပြည့်မီသည့် အမျိုးသားပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ၎င်း၏ ညီမဖြစ်သူက လူမှုကွန်ရက်စာမျက်နှာ၌ တွေ့ရှိပါက ပြန်လည် ဆက်သွယ်ရန် အချက်အလက်များ တင်ထားပြီးနောက် လူပြန်လိုချင်ပါ ကျပ်ငါးသိန်းဖြင့် ပြန်ရွေးရန် ဆက်သွယ်မှုများ ရှိကြောင်းလည်း ဖြစ်စဉ်အား သိရှိသူ တစ်ဦးက MPA သို့ပြောသည်။
“ ဧပြီ ၁၂ရက်မှာ လူပျောက်ကြောင်းတင်ထားပြီးတော့ ၊ ၁၃ရက်နေ့ ညနေမှာ ငွေတောင်းလာတယ်။ တပ်မ ၇၈မှာ ဖမ်းထားတယ်ဆိုပြီး ပြောပြီးတော့ ငွေငါးသိန်းလွှဲပေးဖို့ ပြောတယ်။ စစ်ကောင်စီတပ်ကလား၊ ဘယ်ကလဲဆိုတာကိုလဲ သေချာမသိရဘူး။ လူလိမ်က ငွေညှစ်ချင်လို့ တောင်းတာလားလဲသေချာမသိရဘူးဖြစ်နေတယ် ” ဟု ၎င်းက ရှင်းပြသည်။
ယခုကဲ့သို့ ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်ပြီး မိသားစုဝင်များက ပြည်ကြီးတံခွန် မြို့မရဲစခန်းသို့ လူပျောက်တိုင်ချက်ဖွင့် ထားသော်လည်း လက်ရှိအချိန်ထိ သတင်းအစအနမရရှိသေးကြောင်းလည်း သိရသည်။
“ မန္တလေးမှာက လူတွေဖမ်းခံရတာ မကြာခဏဖြစ်တယ်။ စစ်တပ်ကလူတွေက မြင်မြင်သမျှ ဖမ်းနေတော့ အမြဲ သတိထားသွားလာနေရတယ် ” ဟု မန္တလေးမြို့တွင် နေထိုင်သည့် အသက် ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် တပ်မ ၇၈ က ဖမ်းဆီးထားသည်ဟု ဖုန်းဆက်လာသည်နှင့် ပတ်သက်ပြီး အဆိုပါ တပ်မသို့ သွားရောက်စုံစမ်းပါက အသရေဖျက်မှုနှင့် ပြန်လည် ဖမ်းဆီးမည်ကိုလည်း မိသားစုဝင်များက စိုးရိမ်မှုများရှိနေသည်။
ပျောက်ဆုံးနေသူကို တွေ့ရှိပါက ၀၉-၇၉၇၁၉၁၀၉၈ ၊ ၀၉-၉၆၀၀၀၃၄၁၇ ကိုဆက်သွယ်ပေးရန် မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက MPA သတင်းဌာနသို့ အကူအညီတောင်းခံထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးမြို့အတွင်း ငလျင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူများကို စစ်ကောင်စီက ဖမ်းဆီးမှုများရှိခဲ့သည်ဟု လွတ်လပ်သည့် သတင်းဌာနများတွင် ဖော်ပြခဲ့သေးသည်။