By Ko Paing / MPA
ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်းရေတံခွန်တွင် PDF တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ညောင်လေးပင် ပျူစောထီးတို့၏ မိသားစုဝင်များကို ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဧပြီ၁၅ရက်တွင် ပဲခူးတိုင်း၊ညောင်လေးပင်မြို့၊ မြို့မငါးရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင် လှိုင်မင်းနှင့်အဖွဲ့တို့ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်းသို့ ရောက်ရှိ ရေကစားနေကြောင်း သတင်းအရ PDF တို့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အနက် ပျူစောထီးမိသားစုဝင် အမျိုးသမီးနှင့်ကလေး စုစုပေါင်း၂၉ဦးကို ဧပြီ၁၈ရက်တွင် ပြန်လွှတ် ပေးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂၇)စစ်ဗျူဟာနှင့်တပ်မ ဟာ(၁)PDFတာဝန်ခံ ရဲဘော်အေးမင်းထွန်းက ပြောသည်။
“၁၈ရက်နေ့မနက်မှာ ပြန်လွှတ်လိုက်တယ်နော်။ကောင်းကောင်းမွန်မွန်ပဲ ကျတော်တို့ ကျွေးမွေး စောင့်ရှောက်ထားပြီးတော့ ပြန်လွှတ်လိုက်တယ်နော်”ဟု ၎င်းက MPA သို့ပြောသည်။
ပျူစောထီးခေါင်းဆောင် အေးမင်း၊၎င်း၏ အမျိုးသမီးနှင့် ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း ခြောက်ဦး တို့ ကို ဆက်လက်ဖမ်းဆီးထားပြီး ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်မူတည်ကာ ထိရောက်ပြစ်ဒဏ်ရရှိ ရေးအတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။
၎င်းတို့ကို ဖမ်းဆီးစဉ် ပျူခေါင်းဆောင် လှိုင်မင်းက ခုခံသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားသေးပြီး ၎င်းတို့နှင့်အတူ လက်နက်များ ပါမလာကြောင်း သိရသည်။
“လက်နက်တွေက မပါခဲ့ပါဘူး။ ခွင့်ယူခဲ့တာဖြစ်တဲ့အတွက် ညောင်လေးပင်ပျူစောထီးရုံးမှာ အပ်နှံခဲ့ရတယ်လို့ပြောပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ဖမ်းဆီးခံထားရသော လှိုင်မင်းနှင့်အဖွဲ့သည် ခမရ၂၀ စစ်ကြောင်းနှင့်အတူ ရွာများကို မီးရှို့၊လု ယက် ကာ ပြည်သူများကို သတ်ဖြတ် အလောင်းဖျောက်ခြင်း၊ညောင်လေးပင်မြို့နယ်အတွင်းရှိ လူငယ်များ ကို ဖမ်းကာ စစ်မှုထမ်းပို့ဆောင်ခြင်းနှင့် ဖမ်းဆီးခံလူငယ်တို့၏ ဆိုင်ကယ်များအား ရောင်းစားကာ ညောင်လေးပင်မြို့စီမံကောင်စီ ဗိုလ်မှူးနေလင်းနှင့် ခွဲဝေယူခြင်း စသည့် ပြစ်မှုများစွာ ကျူးလွန်ခဲ့ ကြောင်း သိရသည်။