By Ko Paing / MPA
ရန်ကုန်မြို့ရှိ လူအသွားအလာများသည့် လမ်းမများနှင့် ကပ်လျက် ရဲစခန်းများတွင် အပြင်စည်း လုံခြုံ ရေးတိုးမြှင့်ရန် ညွှန်ကြားလာကြောင်း သိရသည်။
ရန်ကုန်မြို့၊ကမာရွတ်မြို့မရဲစခန်းကို ဧပြီ၁၈ရက်၊ည၁၀နာရီခန့်တွင် မြို့ပြပြောက်ကျားများက လက် ပစ်ဗုံးနှစ်လုံး ပစ်သွင်းခဲ့ပြီးနောက် ယနေ့(ဧပြီ၁၉ရက်)နံနက်ပိုင်း၌ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ညွှန် ကြားလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“မနေ့ညက ဗုံးပစ်ခံရပြီး ဒဏ်ရာရသူတွေရှိတယ်။ဂိတ်အဝနားကို အပစ်ခံရတာ။ရဲစခန်းက လမ်းနဲ့ ကပ်လျက်ဆိုတော့ အဲဒါကြောင့် အပြင်စည်းလုံခြုံရေး တိုးမြှင့်ဖို့တို့ဘာတို့ ဖြစ်လာတာ”ဟု ၎င်းက MPAသို့ပြောသည်။
ယင်းရဲစခန်းအနီး နေထိုင်သူတစ်ဦးက ဗုံးပစ်ခံရမှုကြောင့် ဒဏ်ရာရသူ သုံးဦးရှိသည်ဟု သိရကြောင်း ဆိုသည်။
“အသံက တော်တော်ကျယ်တယ်။အသံအနေအထားအရ ထိတဲ့ကောင် ကြွနိုင်တယ်။သူတို့(ကမာ ရွတ်ရဲစခန်း)ထဲက ပြောတယ်ဆိုပြီး ပြန်ကြားတာ ဗုံးထိတဲ့ကောင် နှစ်ကောင်လောက်က ဒဏ်ရာ ပြင်းတယ်။သေ၊မသေတော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုကို Yangon UG People Army (YUPA) နှင့်Operation Flam (OF) တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး မြို့ပြတိုက်ပွဲများကို အရှိန်မြှင့်သွားမည်ဖြစ်ကြောင်းလည်း YUPA က ထုတ်ပြန် ထားသည်။