By Mg Dagon / MPA
စစ်အာဏာရှင် ဦးသန်းရွှေတည်ဆောက်ခဲ့သော နေပြည်တော်၏ တည်ဆောက်ပုံ မြို့အကွက်ချပုံစံများကို ပြန်လည်တွက်ချက်ရေးဆွဲရန်စီစဉ်နေကြောင်း ၂၁ ရာစု စစ်အာဏာရှင်လက်သစ် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ယမန်နေ့ ဧပြီ ၁၈ ရက်က စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ရှိ အစိုးရရုံးအဆောက်အအုံများသည် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့်အတွက် ငလျင်ဒဏ်ကြောင့် ပိုမိုထိခိုက်ပျက်စီးသည်ကိုတွေ့မြင်ရခြင်းကြောင့် ရုံးအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာမှာ မြေစမ်းသပ်မှု(Soil Test)များ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
“နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်။ ငလျင်မကြာခဏလှုပ်ခတ်လေ့ရှိတဲ့နိုင်ငံများမှာ အဆောက်အအုံများတည်ဆောက်ထားရှိမှုများကို နမူနာယူကာ တည်ဆောက်ရန်၊ မိမိတို့နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောနေရာတွေကို စနစ်တကျ သုတေသနပြုလုပ်ဖို့ လိုအပ်တယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
နေပြည်တော်တည်ဆောက်ပုံကို ပြန်လည်ဆန်းစစ်မည့်အရေးနှင့်ပတ်သက်ပြီး ဆယ်စုနှစ်တစ်စုကျော် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများက ဖြစ်နိုင်သည်ဟု ပြောသည်။
“အကွက်က ရိုက်လို့ရတယ်။ မြေနေရာတွေရှိတယ်” ဟု နေပြည်တော်တွင် ၁၂ နှစ်ကျော် အစိုးရဝန်ထမ်းအဖြစ်လုပ်ခဲ့သူ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။



နေပြည်တော်နယ်မြေအတွင်း မြို့နယ် ၈ ခုရှိရာတွင် အဓိကအနေဖြင့် အစိုးရဝန်ထမ်းများကို အငယ်တန်းဆိုပါက ပေ ၄၀၊ ၆၀ အကျယ်ရှိ မြေကွက်များ ချပေးပြီး အရာထမ်းဆိုပါက ပေ ၆၀၊ ၈၀ အကျယ်ရှိမြေကွက်များအဖြစ် ချထားပေးလေ့ရှိကြောင်း ဝန်ထမ်းမြေကွက်လျှောက်ထားဖူးသည့် ၎င်းက ပြောသည်။
သို့သော် နေပြည်တော်၏ တည်ဆောက်ပုံသည် လျှို၊ မြောင်များရှိနေသည့်အတွက် အဆောက်အအုံများကို မြေဖို့ပြီး ဆောက်လုပ်ရလေ့ရှိကြောင်း ၂၀၀၇ ခုနှစ်ကတည်းက နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ထမ်းတစ်ဦးက ပြောသည်။
“သူတို့(စစ်အုပ်စု)က မြေတွေဖို့ပြီးဆောက်ထားတာ။ လျှိုတွေ၊ မြောင်းပုံစံရှိတယ်။ ကျနော်တို့ အပျိုဆောင်တွေဆို မြေဖို့ဆောက်ထားတာ။ ကျနော်တို့ အိမ်ရာတွေ တော်တော်များများလည်း မြေဖို့ဆောက်ထားတာ” ဟု ၎င်းက ပြောသည်။
ထို့အပြင် ငလျင်ဒဏ်သင့်ရာမှ ပြန်လည်တည်ဆောက်မည့်အဆောက်အအုံများကို အင်ဂျင်နီယာရှုထောင့်မှ ကြည့်ကာ အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်များနဲ့အညီ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်ရန်လိုအပ်ကြောင်း ၎င်းက အမိန့်ပေးသည်။
“ရုံးဌာနတွေ ပြန်လည်တည်ဆောက်ရာမှာ အင်ဂျင်နီယာတွေရဲ့ စမ်းသပ်ချက်နဲ့အညီ အနည်းငယ်ပဲ ပျက်စီးတာတွေကို ဦးစားပေးပြင်ရမယ်။ ဝန်ထမ်းအိမ်ရာတွေကို ပြန်လည်တည်ဆောက်ရာမှာ ရစ်ချ်တာစကေး ၈ အထိခံနိုင်တဲ့ အဆောက်အအုံတွေဖြစ်အောင် ဆောင်ရွက်သွားရမယ်” ဟု အာဏာသိမ်းဗိုလ်ချုပ်မှူးကြီးက ပြောသည်။
ထို့အပြင် နေပြည်တော်တွင် ငလျင်ကြောပေါ်မှာတည်ရှိနေသည့် အဆောက်အအုံများကို ပြောင်းရွှေ့နေရာချထားရမည်ဟုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးသွားသည်။
“လွှတ်တော်ဆောက်တုန်းကတောင် ‘၀’ဘုရားနဲ့မလွတ်လို့ ‘၀’ဘုရားက မြေနေရာပေးလိုက်ရသေးတယ်။ သူတို့က လုပ်ကြမှာ။ မြေနေရာတွေကလည်း ကျယ်တယ်လေ။ ချပေးထားတဲ့အကွက်တွေက လူကြီးအိမ်ရာတွေဆို သိမ်းမှာမဟုတ်လောက်ဘူး။ ပြည်သူ/ရွာသူတွေနေတဲ့နေရာဆို သူတို့က သိမ်းချင်သိမ်းမှာ” ဟု နေပြည်တော်တွင် နေထိုင်ခဲ့ဖူးသူတစ်ဦးက ပြောသည်။
လက်ရှိနေပြည်တော်တွင် မြေလွတ်မြေရိုင်းများအပြင် အကွက်ရိုက်ပြီး အဆောက်အအုံမဆောက်ဘဲ ပစ်ထားသည့်မြေကွက်အများအပြားကျန်ရှိနေသေးသည်ဟု သိရသည်။
“အိမ်ခြံမြေဈေးတွေလည်း အတော်တက်လာတယ်။ အရင် အာဏာမသိမ်းခင်က (ကျပ်)သိန်းလေးငါးဆယ်ပဲရှိတဲ့ မြေကွက်တွေက အာဏာသိမ်းပြီးနောက်မှာ လေးငါးရာအနည်းလေးပဲ။ အိမ်ငှားဈေးတွေလည်း အတော်တက်လာတယ်” ဟု နေပြည်တော်အိမ်ခြံမြေအကြောင်း သိရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ယခုအင်အားငလျင်ပြင်းဒဏ်ကြောင့် နေပြည်တော်နယ်မြေအတွင်း လူအသေအပျောက်များစွားရှိသော်လည်း စစ်ကောင်စီက ထိန်ချန်ထားသည့် သတင်းများရှိနေသည်ဟု လုပ်သက် ၁၀ နှစ်ကျော်ရှိသည့် ဝန်ထမ်းများက ပြောသည်။
“ကျနော်တို့ ၀န်ထမ်းသူငယ်ချင်းတွေတော့ ပါသွားကြတာတွေရှိတယ်။ အသိ အစ်မတွေရဲ့ သားသမီးတွေ သေကုန်တာ။ အိမ်မှာကျန်ခဲ့တဲ့ ၀န်းထမ်းမိသားစုတွေ ခံနေရတာပေါ့။ ၀န်ထမ်းတွေက ရုံးသွားနေတော့။ အပျိုဆောင် သတင်းတောင်မတက်ဘူး” ဟု နေပြည်တော်ရှိ ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော်ရှိ ထိခိုက်ပျက်စီးခဲ့သည့် ဝန်ကြီးဌာနအဆောက်အအုံများကို လိုက်ကြည့်ခဲ့ပြီး သက်ဆိုင်ရာအဆောက်အအုံများအလိုက် ထောက်ပံ့ကြေးများ ပေးအပ်နိုင်ရေးလုပ်ဆောင်နေသည်ဟု ပြောသွားသည်။
စတုရန်းမိုင်ပေါင်း ၇၀၀၀ ကျော်ကျယ်ဝန်းသည့် နေပြည်တော်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြို့ ၈ မြို့ထည့်သွင်းပြီး အပြီးသတ်တည်ဆောက်ခဲ့သည်။