အွန်လိုင်းမှ ထိုင်းဘာသာစကားသင်တန်းဖွင့်လှစ်သော နိုင်ငံခြားဆရာမ(မြန်မာ)တစ်ဦးကို ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့က ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။
ထိုင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများအရ ယခုဖမ်းဆီးလိုက်သည့် နိုင်ငံခြားသား ဆရာမသည် Facebook နှင့် Zoom တို့မှတစ်ဆင့် အခြေခံထိုင်းစာသင်တန်းကို အဖွဲ့လိုက် Zoom စနစ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ထိုင်းဘာသာစကား သင်တန်းများကို သောကြာနှင့် စနေနေ့များတွင်သာ တက်ရောက်နိုင်ပြီး သင်တန်းကာလ နှစ်လ သတ်မှတ်ထားကာ သင်တန်းကြေးအနေဖြင့် တစ်ဦးလျှင် ဘတ် ၁,၅၀၀ ပေးရကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့က ဆရာမ၏ စာရွက် စာတမ်းများကို စစ်ဆေးမှုများပြုလုပ်ရာ အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ရထားသော်လည်း စာသင်ကြားခွင့်မရှိသောကြောင့် “ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ပြင်ပတွင် အလုပ်လုပ်ကိုင်ခြင်း” ဖြင့် စွဲချက်တင်ထားသည်။
စုံစမ်းစစ်ဆေးရေးအရာရှိသည် ဥပဒေအရ တရားစွဲဆိုရန်နှင့် ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ကို ရုပ်သိမ်းရန် ဆောင်ရွက်သွားမည်ဟုလည်း ထိုင်းနိုင်ငံအစိုးရက ထုတ်ပြန်ထားသည်။
နိုင်ငံခြားသားများ၏ အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်ဥပဒေ BE 2560(2017) နှင့် ၎င်း၏ ပြင်ဆင်ချက်များ ပုဒ်မ ၈ အရ နိုင်ငံခြားသားများသည် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် မိမိတို့လုပ်ပိုင်ခွင့်ပြင်ပတွင် အလုပ်လုပ်ကိုင်ခြင်းကို တားမြစ်ထားကြောင်း စမုစခွန်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
ယင်း ဥပဒေကို ချိုးဖောက်ပါက ဘတ်၅၀၀၀မှ ဘတ်၅၀၀၀၀အထိ ဒဏ်ငွေချမှတ်ခံရမည်ဖြစ်သည်။ ထို့ပြင် ပုဒ်မ ၁၀၁ နှင့် ပုဒ်မ ၉ အရ နိုင်ငံခြားသားအား နေရပ်သို့ အမြန်ဆုံးပြန်ပို့မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ သို့မဟုတ် မိမိလုပ်ပိုင်ခွင့်ပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့်ပေး၍ နိုင်ငံခြားသားအား အလုပ်ခန့်ထားခြင်း မပြုရဟု ဖော်ပြထားပြီး ပုဒ်မ ၉ ပါ ဥပဒေကို ချိုးဖောက်ပါက အလုပ်ခန့်ထားသူသည် နိုင်ငံခြားသားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ဘတ် ၁၀၀၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ဟု သတ်မှတ်ထားသည်။
ပြစ်မှုကျူးလွန်သူအနေဖြင့် နောက်တစ်ကြိမ် ထပ်မံ ကျူးလွန်ပါက ထောင်ဒဏ်တစ်နှစ်ထက်မပိုသော ပြစ်ဒဏ် သို့မဟုတ် ခန့်ထားသော နိုင်ငံခြားသားတစ်ဦးလျှင် ဘတ် ၅၀၀၀၀ မှ ဘတ်၂၀၀၀၀၀အထိ ဒဏ်ငွေ သို့မဟုတ် နှစ်မျိုးလုံး ချမှတ်ခံရမည့် အပြင် တရားရုံးက စီရင်ချက်ချသည့်နေ့မှစ၍ အလုပ်ရှင်အနေဖြင့် နိုင်ငံခြားသားအား အလုပ်ခန့်ထားခြင်းကို သုံးနှစ်အထိ တားမြစ်ခံရမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများသည် တရားမဝင်လုပ်ရပ်များကျူးလွန်ခြင်း၊ ထိုင်းလူမျိုးများ၏ အလုပ်အကိုင်များကို လုယူခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းများရှိကြောင်း တွေ့ရှိရဟုလည်း ထိုင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။