By Ko Paing / MPA
စစ်ကောင်စီတပ်သည် ငလျင်ဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရမည့်အစား နိုင်ငံအနှံ့ လေ ကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ရေတွင်းကုန်းကျေးရွာကို ယနေ့(ဧပြီ၁၈ရက်)နံနက်ပိုင်းတွင် လေ ကြောင်းမှ ဗုံးကြဲပြီးနောက် လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့သည်။
“ပစ်တာကတော့ ခဏခဏပစ်နေတာဆိုတော့ သိပ်တော့ မထူးဆန်းတော့ဘူး။လေယာဉ်နဲ့ပစ်လိုက် ပိန်းဇလုပ်ကနေ လက်နက်ကြီး နဲ့ပစ်လိုက်ပဲ။ရေတွင်းကုန်းဆိုတာ ရွာကြီး။လေယာဉ်နဲ့ ကြဲတာ ရွာမထိဘူး။လက်နက်ကြီးနဲ့မှ လူထိ တာ မိန်းကလေးသေတာလို့ကြားတယ်။ စစ်ကောင်စီက အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာပြီးမှ ပိုလုပ်နေသလိုပဲ”ဟု ညောင်လေးပင်မြို့၊မြို့မ/နှစ်ရပ်ကွက်နေပြည်သူတစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီးနောက် ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ မှ ၁၂၀ မမလက်နက်ကြီးငါးလုံးပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိ သည်။