By Hsu Yee / MPA
ထိုင်းနိုင်ငံမှ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းသင်တန်းလွှတ်ရန် ထိန်းသိမ်းခံထားရသူတစ်ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း ကော့သောင်းမြို့နယ်ပကဖ ကသတင်းထုတ်ပြန်သည်။
ကိုအောင်စိုးဆိုသူသည် ထိုင်းတွင် အလုပ်လုပ်ရန် တရားမဝင်ရောက်ရှိနေစဉ်ဖေဖေါ်ဝါရီလအတွင်း ဖမ်းဆီးခံရပြီးနောက် ရနောင်းမှတဆင့် ကော့သောင်းမြို့သို့ ပြန်ပို့ခံခဲ့ရကြောင်း ထို့နောက် ကော့သောင်း ခမရ ၄၃၁ တပ်ရင်းတွင် ထိန်းသိမ်းခံထားရပြီး စစ်မှုထမ်းအပတ်စဉ် ၁၂ သို့ပို့ရန် ပြင်ဆင်နေသည့်အချိန်အတွင်း ဧပြီ ၁၇ရက်နေ့၌ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ ထိုင်းနိုင်ငံကပြန်ပို့တာကတော့ ၂၃၉ ယောက်လို့သိရပါတယ်။အခု ကိုအောင်စိုးတို့ကတော့ ၁၀၃ ယောက်ခွဲလိုက်တာလို့သိရတယ်။ ပြီးတော့ သူတို့အဖွဲ့ကိုတော့ ၄၃၁ ခြေမြန်တပ်ရင်းကို ပို့လိုက်တယ် လို့သိရပါတယ်” ဟု ကော့သောင်းမြို့နယ် ပကဖ၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ အင်းဘီလူးက MPA သို့ပြောသည်။
ခမရ ၄၃၁ တပ်ရင်းမှ ကိုအောင်စိုးနှင့်အတူ ထွက်ပြေးလာသူ နောက်ထပ်နှစ်ဦးရှိပြီး ကင်းစောင့်နေသည့် စစ်သားများနှင့် ထိပ်တိုက်တိုးသဖြင့် လုံးထွေးသတ်ပုတ်စဉ် လူစုကွဲသွားကြောင်း သိရသည်။
ကိုအောင်စိုးနှင့်အတူ လက်နက်ခဲယမ်းများ မပါလာကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်း အပတ်စဉ်၁၁ကို မတ်လ၁၇ရက်တွင် စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများ၌ ဖွင့်လှစ်ခဲ့သည်။