By Sayar Ngaat / MPA
စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းတွင် အကျဉ်းထောင် ၁၁ ခုမှ နိုင်ကျဉ်းများ လွတ်မြောက်ခြင်းမရှိခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်၏ လွတ်ငြိမ်းများတွင် နိုင်ငံရေးအကျဉ်းပါဝင်မှုသည် အနည်းဆုံးသာ ဖြစ်နေပြီး ယမန်နလွတ်ငြိမ်းတွင်လည်း နိုင်ငံရေးအကျဉ်းသားပါဝင်မှုသည် ငါးရာခိုင်နှုန်းကျော်သာရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။
” ဒီတစ်ခေါက်ပါဝင်မှုကလည်း နိုင်ငံရေးအကျဥ်းသား ငါးရာခိုင်နှုန်းကျော်သာ ပါဝင်ခဲ့တယ်။ တော်လှန်ရေးတပ်တွေရဲ့အောင်မြင်မှုတွေကို ကြံ့ကြံ့ခံဖို့ အင်အားမရှိနေတဲ့ကာလတစ်ခုမှာတော့ သူတို့ကို (စစ်ကောင်စီတပ်) ပြန်လည်တော်လှန်တိုက်ခိုက်မဲ့သူတွေကိုတော့ ထည့်ပေးမှာမဟုတ်ဘူး။ ဒီသဘောထားကိုလည်း သူတို့ရဲ့ထုတ်ပြန်ချက်တွေမှာ ရှင်းရှင်းလင်းလင်းတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ (၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းချခံနေရသူများအနက် ၄,၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီတပ်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပေါင်းတည်၊ ပြည်၊ ညောင်ဦး၊ ထားဝယ်ပခုက္ကူ၊ ပုသိမ်၊ ဒိုက်ဦး၊ မကွေး၊ မြင်းခြံ၊ ရမည်းသင်း၊ မိတ္ထီလာ၊ ဘားအံ၊ တောင်ငူ၊ တာချီလိတ်၊ သာယာဝတီ၊ ကလေး၊ သရက်၊ အင်းစိန်၊ အိုးဘို၊ မြိတ် စသည့် အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ကျဉ်း ၃၀၀နီးပါးသာ လွတ်မြောက်လာ ကြောင်း PPNM၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် မအူပင်၊ ဟင်္သာတ၊ မုံရွာ၊ မြစ်ကြီးနား၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ နေပြည်တော်အချုပ်ထောင်၊ မိုးညှင်း၊ မိုးကောင်း၊ လွိုင်ကော် စသည့် အကျဉ်းထောင် ၁၁ခုတွင် လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေးတိုင်း၊ မြင်းခြံ အကျဉ်းထောင်တွင်လည်း နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းတွင် အမျိုးသား ၁၃ဦးနှင့် အမျိုး သမီး၆ဦး လွတ်မြောက်ခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသူတစ်ဦးသာပါဝင်ခဲ့ကြောင်း မြင်းခြံအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” မနေ့က (ဧပြီလ ၁၇ရက်) မြင်းခြံကနေ ၁၉ယောက်လွတ်တယ်။ ခြောက်တစ်ပုံတွေ၊ သုံးပုံတွေကြားပြီးလွတ်တော့ဘာတွေလွတ်မှန်းမသိပါဘူး၊ ဒီလထဲလွတ်မယ့်သူတောင်မပါဘူး ” ဟု ၎င်းက ပြောသည်။
အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများ၏ လွတ်မြောက်ရေးသည် စစ်ကောင်တပ်မှ ပေးသည့် လွတ် မြောက်ရေးထက် တော်လှန်ရေးအောင်ပွဲတစ်ရပ်ကိုစုပေါင်းအားဖြင့် ဆင်နွှဲနိုင်ရန် မျှော်လင့်မိကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ရှင်းပြသည်။
” စစ်ကောင်စီတပ်ကလည်း သူတို့လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်နေသလို ကျတော်တို့ကလည်း ကျတော်တို့လုပ်စရာရှိတဲ့အလုပ်တွေကို ယုံကြည်ချက်အတိုင်း ဆက်လုပ်နေဖို့လိုအပ်တယ်၊ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသား လွတ်မြောက်ရေးဟာ စစ်ကောင်စီပေးတဲ့လွတ်မြောက်ရေးထက် တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲပြီးမှ ရမဲ့လွတ်မြောက်ရေးကတော့ ပိုပြီး အနှစ်သာရ ပြည့်ဝသလို တန်ဖိုးလည်း ကြီးမားပါတယ် ” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။
” စစ်တပ်က အခုကတည်းက ယုတ်မာနေတာ မဟုတ်ဘူး၊ ခေတ်အဆက်ဆက်ကို ယုတ်လာခဲ့ကြတာ၊ ဒီနှစ် လွတ်ငြိမ်းဆိုလည်း နာမည်သာခံတာ၊ တကယ်တမ်းကျ လွတ်တဲ့ နိုင်ကျဉ်းအရေအတွက်က တော်တော်ကို နည်းပါတယ်၊ လွတ်ရက်စေ့ခါနီး လူတွေလောက်ပဲ ပါတယ် ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။
လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းဥပဒေ၊ လက်နက်အက်ဥပဒေ ၁၉ (စ) အရပြစ်မှုများ၊ ၁၉၄၉ လက်နက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ လက်နက်ဥပဒေအရပြစ်မှုများ၊ ၁၉၄၂ ရှမ်းပြည်နယ်လက်နက်အမိန့်ရပြစ်မှုများ၊ ၂၀၂၃ လက်နက် ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အဂတိလိုက်စားမှုများမှအပ ကျန်ပြစ်မှုများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံအား လျှော့ချပေးလိုက်ကြောင်း စစ်ကောင်စီလက် အောက်ခံ သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည်။
စစ်ကောင်စီကို ဆန့်ကျင်မှုများကြောင့် ဖမ်းဆီးခံရသူများသည် ပုဒ်မ ၁၉ (စ)၊ ပုဒ်မ ၅၀ည၊ ပုဒ်မ ၅၂ စသည့် ဥပဒေပုဒ်မများဖြင့်သာ တရားစွဲထောင်ချခံထားရသဖြင့် ထောင်ဒဏ်ကျန်ရှိသည့် ရက် ၆ ပုံ ၁ ပုံ လျော့ပေါ့ခံစားခွင့် မရရှိကြောင်းလည်း သိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၀၃၀ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၂၁၉၇ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။