By Ra Wai / MPA
မကွေးထောင်တွင်း အာဏာပိုင်တို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး နိုင်ငံရေးအကျဉ်းသားနှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၁၃ရက်၊ ညနေ ခြောက်နာရီဝန်းကျင်တွင် မကွေးအကျဉ်းထောင်ရှေ့၌ စစ်ကောင်စီတပ်နှင့် Local PDFတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားနေစဉ် ထောင်ထဲ၌လည်း အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများကြား တင်းမာမှုဖြစ်ပွားခဲ့ကြောင်း ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှ ထောင်ဝန်ထမ်းတို့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မာရုံ၌နေသည့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် အနည်းဆုံးနှစ်ဦးကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက သတင်းထုတ်ပြန်သည်။
” ဖြစ်စဉ်ကနှစ်ခုပေါ့နော်။ ဒါပေမဲ့ ကာလရော အချိန်ရောက တစ်ခုတည်းဖြစ်သွားတဲ့အခါမှာ ဖြစ်စဉ်က တစ်ခုတည်းလို ဖြစ်သွားစေတယ်ဗျ” ဟု PPNM ဦးဆောင်ကော်မတီဝင်၊ ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
ကျဆုံးသွားသည့် နိုင်ကျဉ်းနှစ်ဦး၏ ရုပ်အလောင်းကို ပြင်ပသို့ ထုတ်ခွင့်မပေးသလို နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငါးဦးထက်မနည်း ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။
” အပြင်ကို ထုတ်ပေးတယ်လို့တော့ မကြားဘူးဗျ။ ဘာလို့ဆို သေနတ်မှန် ထိခိုက်ဒဏ်ရာရနဲ့ ဆုံးတာဖြစ်တဲ့အတွက်မို့ ပြည်သူတွေကို သိရှိအောင်တော့ သူတို့ ထုတ်ပြမှာတော့ မဟုတ်ဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်းစုံစမ်းစစ်ဆေးမှုများပြုလုပ် နေကြောင်းသိရသည်။
” လက်ရှိ ထောင်တွင်း စစ်ကြောရေးလုပ်ခံထားရတာက အကျဉ်းဦးစီးဝန်ထမ်းနဲ့ ထိတွေ့မှု အခြေအနေပေါ်မှာ ဘာကြောင့်မို့ ထိတွေ့မှုဖြစ်ရတာလဲ။ ဒီဖြစ်စဉ် ဘာကြောင့်ဖြစ်ပွားတာလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းစစ်ဆေးနေတဲ့ အခြေအနေမျိုးလို့ ကျတော်တို့ နားလည်ထားပါတယ်” ဟု ၎င်းကပြောသည်။
အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ၏ ထိတွေ့မှုတွင် ထောင်ဝန်ထမ်းအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။