By Ko Paing / MPA
ပဲခူးတိုင်းအနောက်ခြမ်းရှိ အကျဉ်းထောင်သုံးခုမှ လွတ်ရက်နီးနိုင်ငံရေး အကျဉ်းသား ၁၇ ဦးသာ စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ထဲတွင် ပါဝင်ကြောင်း သိရသည်။
မြန်မာနှစ်ဆန်း တစ်ရက် (ဧပြီ ၁၇ ရက်) တွင်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည်နှင့် သာယာဝတီထောင်များမှ နိုင်ငံရေး အကျဉ်းသား ၁၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၆ ဦးသာ လွတ်မြောက်ကြောင်း ဒေသတွင်းနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးထံမှ သိရသည်။
“လွတ်ရက်နီးတွေကိုပြန်လွှတ်ပေးတာပါ။မလွှတ်ချင်လွှတ်ချင်နဲ့ပြန်လွှတ်ပေးတာ။လွတ်လာတဲ့သူတွေက လွတ်ရက်ပြည့်ဖို့ သုံးလကနေ ခြောက်လကြားလောက်ပဲ ရှိတော့တဲ့သူတွေလေ”ဟု ဒေသတွင်းနိုင်ငံရေးအကျဉ်းသားဟောင်းတဦးက MPA သို့ပြောသည်။
ပြည်ထောင်မှ နိုင်ငံရေး အကျဉ်းသား ငါးဦးနှင့် အကျဉ်းသူ လေးဦး စုစုပေါင်းကိုးဦး၊ ပေါင်းတည်ထောင်မှ နိုင်ငံရေးအကျဉ်းသား နှစ်ဦးနှင့် သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား လေးဦးနှင့် နိုင်ငံရေးအကျဉ်းသူ နှစ်ဦးစုစုပေါင်း ခြောက်ဦးတို့ ပြန်လွတ်လာကြောင်း သိရသည်။
အဆိုပါထောင် သုံးခုမှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် စုစုပေါင်းမှာ ၁၉၇ ဦး ပြန်လွတ်လာကြောင်းသိရသည်။
လွတ်ငြိမ်းခွင့်ရ အကျဥ်းသား ၄,၈၉၃ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(ခ)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။