By Hsu Yee / MPA
စစ်ကောင်စီကို တရားဝင်မှုမပေးသည့် နည်းလမ်းမျိုးဖြင့်သာ နိုင်ငံတကာက လူသားချင်းစာနာ ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောသည်။
ယနေ့ (ဧပြီ ၁၂ရက်) မွန်းလွဲသုံးနာရီတွင် ပြုလုပ်သော စစ်ကိုင်းငလျင်ကြီး တုံ့ပြန်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ NUGအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ တရားဝင်မှုဆိုတာက လုပ်ယူလို့ရတဲ့ ကိစ္စလို့ကျမတို့ မမြင်ပါဘူး။ တရားဝင်မှုဆိုတာ ပြည်သူလူထုဆီက လာတာဖြစ်တယ်ပေါ့နော်။တစ်ဖက်မှာလည်းပဲ ဒီနိုင်ငံတကာက ဒီလိုထိတွေ့ ဆက်ဆံလာတိုင်းလည်း တရားဝင် မှုရတယ်လိုတော့ ကျမတို့ ပြောလို့မရပါဘူး။နိုင်ငံတကာက အခုလိုမျိုးပေါ့နော်။ တွေ့ဆုံမှုတွေမှာ အခုကိုပဲ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးတဲ့နိုင်ငံတွေမှာကိုက Positionတွေရှိနေပြီဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ကို ခုတုံးလုပ်ကာ ခေါင်းဝင် ကိုယ်ဆန့်ရာမှ တရားဝင်မှုရရှိ သွား မည်ကို ပြည်သူတို့ စိုးရိမ်နေကြကြောင်းလည်း ပြောသည်။
“ပြည်သူလူထုရဲ့ စိုးရိမ်မှုနဲ့ ကျမတို့တွေရဲ့ စိုးရိမ်မှုက အတူတူပါပဲ”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ အကူအညီများကို အလွဲသုံးစားပြုလုပ်ခြင်း မဖြစ်စေရန် နိုင်ငံတကာကို သတိပေးခြင်းများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောသည်။