By Crystal / MPA
ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) အဖွဲ့မှ ၎င်းတို့ စည်းရုံးရေးဆင်းနေသည့် ရွာအများစုကို ရွာလုံးကျွတ်အစည်းအဝေးခေါ်ယူပြီး ဒေသခံပြည်သူများ လက်မခံနိုင်သည့် စည်းမျဉ်းများ ချမှတ်ခြင်းနှင့် ငွေကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
PDO/PDA အဖွဲ့ခေါင်းဆောင်က အစည်းဝေးခေါ်ယူပြီး ဒေသခံများကို ရပ်ရွာ ညကင်းစနစ် စီစဉ်ခြင်း၊ ယောင်္ကျားမရှိသည့် အိမ်ထောင်စုများတွင် အမျိုးသမီးများကို ညကင်းစောင့်ခိုင်းစေခြင်း၊ ညကင်းမစောင့်နိုင်သော အိမ်ထောင်စုများကို ငွေကြေးကောက်ခံခြင်း၊ ရပ်ရွာကာကွယ်ရေးခေါင်းစဉ်ဖြင့် အရွယ်ရောက်ပြီးသော အမျိုးသားများအား စစ်မှုမထမ်းမနေရဟု ပြောဆိုခြင်း နှင့် စစ်ကောင်စီကြောင့် တိမ်းရှောင်ခဲ့သည့်ပြည်သူများ လယ်ယာလုပ်ငန်း ပြန်လည်ဆောင်ရွက်သည့်အခါတွင်လည်း လယ်ယာမြေလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းများကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ တချို့ရွာတွေဆိုရင် အစည်းဝေးခေါ်ပြီးတာနဲ့ ဆယ်အိမ်ခေါင်းစနစ်နဲ့ ဘယ်နေ့ကို ဘယ်သူက ကင်းစောင့်၊ ကင်းစောင့်တဲ့အချိန်မှာ အဲ့ဒီခေါင်းဆောင်က လူငယ်ရှိရှိ မရှိရှိ၊ ယောင်္ကျားသား မရှိတဲ့အိမ်ဆိုရင်လည်း မိန်းမသားပါ စောင့်ခိုင်းတယ်။ မစောင့်နိုင်ရင် ပိုက်ဆံတောင်းတယ်။ ညကင်း လိုက်ပါ မစောင့်နိုင်လို့ ငွေကောက်တာက တစ်ရွာနဲ့ တစ်ရွာ ကောက်တဲ့ ပမာဏချင်းမတူဘူး။ အနည်းဆုံးတော့ တစ်ရက် သုံးသောင်းပဲ ” ဟု PDO/PDA အဖွဲ့ စည်းရုံးရေးဆင်းခဲ့သည့်ရွာ( လုံခြုံရေးအခြေအနေအရ ရွာအမည်ကို ထည့်သွင်းမဖော်ပြခြင်းဖြစ်) မှ အသက် ၃၅ နှစ်အရွယ်၊ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
PDO/PDA အဖွဲ့ သည် ပုဂံညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာကို အခြေပြုပြီး စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ၊ တပ်ဖွဲ့တည်ထောင်ထားသည်မှာလည်း လေးနှစ်ရှိပြီဖြစ်သည်။
“ ကျတော်တို့ရွာကို စစ်တပ်က စစ်ကြောင်း ခဏခဏ ထိုးတယ်။ အဲ့ဒီတော့ တချို့ရွာသားတွေက စားစရာမရှိတော့ အပြင်ထွက်ပြီး အလုပ်လုပ်ကြရတယ်။ တချို့ပိုက်ဆံရှိတဲ့သူတွေကလည်း ပြောင်းရွှေ့ကုန်တယ်။ အဲ့ဒီမှာ ရွာက တိမ်းရှောင်သွားတဲ့သူတွေ ယာလုပ်ချိန်မှ ပြန်လာရင် ယာလုပ်ခွင့်မပြုဘူးလို့ ပြောတယ်။ ပြည်သူပိုင် ယာမြေတွေကို သူတို့အနေနဲ့ချုပ်ကိုင်ထားပြီး ရန်ပုံငွေရှာချင်လည်းရှာမယ်။ ယာတွေကို ပစ်ထားရင်လည်း ပစ်ထားမယ်။ ကျတော်တို့ကို လုပ်ခွင့်မပေးဘူးပေါ့၊ ဒါမျိုးတွေပြောတယ်။ ကျတော်တို့ကတော့ လက်မခံနိုင်ဘူး ” ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး PDO/PDA အဖွဲ့ကို MPA က မေးမြန်းရာ ၎င်းတို့အနေဖြင့် နိုင်ငံရေး၊ စစ်ရေးကို ပူးတွဲ တာဝန်ယူလုပ်ဆောင်နေသည်မှာ မှန်ကန်သော်လည်း ရပ်ရွာစည်းရုံးရေး အစည်းဝေးများ၌ ရွာလုံခြုံရေးအတွက် ကင်းစောင့်ခိုင်းသည်မှလွဲ၍ အခြားကိစ္စရပ်များကို လုပ်ဆောင် ပြောဆိုးခြင်းမရှိကြောင်း ငြင်းဆိုသည်။
“ ကျတော်တို့အဖွဲ့ရဲ့ ကိုယ်ပိုင်မူဝါဒ မိတ်ဆက်ရှိပါတယ်။ အဲ့ဒီထဲက အတိုင်းပဲ စည်းရုံးကြတာပါ၊ ရပ်ရွာတစ်ခုကို ဝင်ရင် ပြည်သူ့ ဗဟိုပြုတဲ့ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပါတယ်။ အခုချိန်ထိ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံတာမျိုး မရှိခဲ့ပါဘူးဗျ၊ အမျိုးသမီးတွေကိုလည်း ညကင်းစောင့်ခိုင်းတာမျိုး၊ အမျိုးသားတွေကို စစ်မှု ထမ်းခိုင်းတာမျိုးလည်း မရှိပါဘူး။ ရပ်ရွာမှာ ကာကွယ်ရေးအတွက် စိတ်ပါဝင်စားတဲ့ လူငယ်တွေကို စည်းရုံးပြီး ကျေးရွာ ကာကွယ်ရေး အရံတပ်ဖွဲ့ဆိုတာမျိုးတော့ ဖွဲ့စည်းထားပါတယ်ဗျ ” ဟု PDO/PDA ၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အညာဒေသရှိ တော်လှန်ရေးတပ်ဖွဲ့အချို့သည် ပြည်သူများကို ဖိနှိပ်မှုများ ပြုလုပ်ခြင်းကြောင့် ဒေသခံများက မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
ထိုကဲ့သို့ ဆန္ဒပြမှုများအနက် ပြီးခဲ့သည့် ဧပြီ လေးရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှ ဒေသခံများသည် ရွှေဘိုခရိုင် တပ်ရင်း ၄ကို ဆန္ဒပြမှုပြုလုပ်ခဲ့သေးသည်။ ဆန္ဒပြရသည့် အဓိကအကြောင်းအရာသည် ယင်းတပ်ရင်းမှ ရဲဘော်များသည် ရွာ၌ စခန်းချစဉ်အတွင်း ဒေသခံများ၏ ပစ္စည်းများကို ယူဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း လွတ်လပ်သည့် မီဒီယာများ၌ ဖော်ပြထားသည်။
ထို့ပြင် ယမန်နှစ် (၂၀၂၄ခုနှစ်) ၊ ဒီဇင်ဘာကလည်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၅သည် ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာ၌ စစ်ဆေးရေးဂိတ်ဖွင့်ပြီးနောက် ကျေးရွာဆိုင်းဘုတ် ပျက်စီးခဲ့သည့်အတွက် မူလအတိုင်းပြန်လည်ပြုပြင်ပေးရန် ဒေသခံများက တောင်းဆို ဆန္ဒပြခဲ့သေးသည်။