By Ko Paing / MPA
ရန်ကုန်မြို့၊ ရွှေပြည်သာနှင့် လှိုင်သာယာတို့တွင် အောက်ခြေအလွှာများ နေထိုင်ရာနေရာနှင့် အဆောင်တို့ကို အဓိကထား ဧည့်စာရင်းစစ်လေ့ရှိကြောင်း သိရသည်။
ယင်းသို့သော နေရာများကို ဧည့်စာရင်းစစ်သည့်အခါ စစ်သားနှင့်ပျူစောထီးအင်အား အများအပြားဖြင့် အဝင်အထွက်လမ်းများကိုပါ ပိတ်ကာ စစ်ဆင်ရေးတစ်ရပ်အသွင် ပြုလုပ်လေ့ရှိကြောင်း လှိုင်သာ ယာမြို့နယ်၊မီးခွက်ဈေးအနီးနေ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“အဆောင်တွေမှာ ဝင်စစ်လို့ လှမ်းခေါ်တဲ့အချိန် အောက်ကိုဆင်းလာတာ နောက်ကျရင် စစ်သားတွေက ဆဲဆိုသေးတယ်။ ဧည့်စာရင်းမတိုင်ထားရင် အုပ်ကြီးရုံးခေါ်သွားတယ်။အဲမှာ တစ်ခါတည်း ပိုက်ဆံ နဲ့ ရှင်းနိုင်ရင် ရှင်း၊မရှင်းနိုင်ရင် စစ်မှုထမ်းဈေးကွက်ထဲ ရောင်းစားခံရပြီပဲ”ဟု ၎င်းက MPA သို့ ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးအချို့တွင် အချုပ်ခန်းအသေးစားများရှိပြီး မူးယစ်ဆေးသမား၊မူးယစ်ရမ်းကားနှင့် ဧည့်စာရင်းမတိုင်သူများကို ယင်းအချုပ်ခန်းထဲ ထည့်ကာ ငွေညှစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက “ဧည့်မတိုင်ထားတာ တွေ့ရင် ရပ်ကွက်ရုံးကို ဖမ်းခေါ်သွားတယ်ဗျ။ အဲ့မှာ စစ်ဆေးမေးမြန်း၊ စာရွက်စာတမ်းတွေ သိမ်းယူထား လိုက်ပြီး ပြန်လွှတ်တတ်တယ်။ နောက်နေ့မှ ပြန်လာခိုင်းပြီး ဧည့်မတိုင်ဘဲ ရက်ကျော်နေတဲ့ အရေ အတွက်အလိုက် ငွေညှစ်ပြီးမှ စာရွက်စာတမ်းတွေ ပြန်ပေးတယ်။ ငါးသောင်းကနေ သုံးသိန်းထိ တောင်းတာတွေ ကြားတယ်။ မသင်္ကာရင်တော့ ညလုံးပေါက်ဖမ်းထားပြီး နောက်နေ့မှ ငွေညှစ်ပြီး ပြန်လွှတ်တတ်တယ်ဗျ”ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် သတင်းအရ လူဝင်ရှာသည့်အခါ အင်အားအများအပြားသုံးကာ လမ်းအဝင်အ ထွက်များကို ပိတ်ဆို့ထားလေ့ရှိပြီး သာမန်ဧည့်စာရင်းစစ်သည့်အခါ အင်အား ၁၀ ဦး မျှသုံးကြောင်း ၎င်းက ဆိုသည်။