By Mg Dagon / MPA
ပြည်သူ ၁၇ သန်းကျော် ငလျင်ဘေးတွေ့နေစဉ် ဘုရားထီးတော်တင်ရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေ၍ လုံခြုံရေးအပြည့်ချထားကြောင်း မြို့ခံများထံမှ သိရသည်။
တန်ခူးလပြည့် ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပမည့် နွားလားဥဿဖတောင်(တောင်ချွန်း)ပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားထီးတော်တင်ပွဲသို့ စစ်ကောင်စီခေါင်းဆောင်လာရောက်ခြင်းဖြစ်သည်ဟု ထိုအကြောင်းသိရှိထားသူများထံမှ သိရသည်။
“မနက်က ဟိုပုံးရောက်နေတယ်လို့ကြားတယ်။ မြို့ထဲမှာတော့ လုံခြုံရေးအပြည့်ပဲ၊ ရှုပ်ယှက်ခပ်နေတာပဲ၊ အစစ်အဆေးတော့ မရှိဘူး” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် လမ်းမပေါ်တွင် စစ်သားအများအပြားတင်ဆောင်ထားသည့် စစ်ကားအစီးရေ ၃၀ ခန့်ကိုလည်း တောင်ကြီးမြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ယနေ့ ညနေပိုင်း၌ တွေ့မြင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။
တောင်ကြီးသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် သို့မဟုတ် စစ်ကောင်စီတပ်အကြီးအကဲ လာရောက်မည်ဆိုပါက မြို့အတွင်း လုံခြုံရေးအပြည့်ချထားလေ့ရှိသည့်အတိုင်း ယနေ့တွင်လည်း ထိုကဲ့သို့ လုံခြုံရေးအပြည့်ရှိနေသည်ဟု နောက်ထပ် မြို့ခံအမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။
“ဘယ်သူဆိုတာ အတိအကျမသိပေမဲ့ အကောင်ကြီးတာတော့ သေချာတယ်။ မအလ လာမယ်လို့ အပြောများနေကြတယ်။ အခုလည်း လုံခြုံရေးတွေ အတော်များတာတွေ့ရတယ်” ဟု လက်ရှိမြို့တွင်းအခြေအနေကို အဆိုပါ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသမီးက ပြောသည်။
လက်ရှိမြို့တွင်း၌ စစ်ဆေးဖမ်းဆီးခြင်းများမရှိဘဲ ယာဉ်ထိန်းရဲများက လမ်းရှင်းပေးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲများက လုံခြုံရေးအဖြစ် အဓိကလမ်းမကြီးများဖြစ်သည့် အနောက်မြို့ပတ်လမ်းနှင့် အရှေ့မြို့ပတ်လမ်းများပေါ်တွင် နေရာယူထားကြသည်ဟု သိရသည်။
“လမ်းမှာတော့ အစောင့်တွေအပြည့်ပဲ။ ကားတွေ၊ ဆိုင်ကယ်တွေ မိန်းလမ်းတလျှောက် ဘယ်မှမရပ်ရဘူး။ မအလက ဒီနေ့(ဧပြီ ၁၀ ရက်)လာမယ်ထင်တယ်။ ရွှေဘုန်းပွင့် ထီးတင်လမ်းကြောင်းကို မော်တော်ပီကယ်တွေ အများကြီး လမ်းရှင်းနေကြတယ်” ဟု နောက်ထပ် တောင်ကြီးမြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။
ထို့အပြင် စစ်ကောင်စီခေါင်းဆောင်လာမည်ဖြစ်သည့်အတွက် ကုန်တင်ယာဉ်များကို တောင်ပေါ်သို့တက်ခွင့်မပြုဘဲ တောင်အောက် ထုံးဘိုစစ်ဆေးရေးဂိတ်တွင် တားဆီးထားကြောင်း မြို့ခံများထံမှ သိရသည်။
တောင်ကြီးသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်လာမည့်သတင်းသည် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်းဖြစ်သည်။ တောင်ကြီးသတင်းများ ဖော်ပြပေးနေသည့် TGI Support Revolution ကလည်း လာမည့် ဧပြီ ၁၂ ရက်နေ့တွင် စစ်ခေါင်းဆောင် လာမည်ဖြစ်သည့်အတွက် ဧပြီ ၁၁ ရက်နေ့ကတည်းက လုံခြုံရေးအထူးတင်းကျပ်မည်ဖြစ်ခြင်းကြောင့် မိန်းလမ်းနှင့် အနောက်မြို့ပတ်လမ်းပေါ်ရှိ ငလျင်ဘေးအတွက် ကတ်ထူပုံးဖြင့် အလှူခံနေကြသည့် လူငယ်များအနေဖြင့် သတိပြုရန် ပြောထားသည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်သည် ငလျင်ဘေးသင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများသို့ ဧပြီ ၁၂ နှင့် ၁၃ ရက်နေ့တို့တွင် ဆက်လက်သွားရောက်နိုင်သည့်အတွက် ယင်းဒေသက တော်လှန်ရေးလုပ်သူများ တိမ်းရှောင်နေကြရန်လိုအပ်ကြောင်း TGI Support Revolution က သတိပေးထားသည်။
စစ်ကောင်စီခေါင်းဆောင်သည် ပြီးခဲ့သည့် ဧပြီလ ခုနှစ်ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်၏ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းမှ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ခန့်ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရသော်လည်း ဘုရားထီးတင်ပွဲသို့ လာရောက်ခြင်းဖြစ်သည်။
ယခုနှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ဖျက်အားပြင်းငလျင်ကြီးကြောင့် လူပေါင်း ၁၇ ဒသမ ၂ သန်းကျော်ငလျင်ဒဏ်ခံစားခဲ့ရပြီး လူဦးရေ ၉ ဒသမ ၁ သန်းကျော်က ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသည်ဟု UNOCHA Myanmar က ပြီးခဲ့သည့် ဧပြီလ ရှစ်ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း
Photo-ပေးပို့ (ပုံစာ- စစ်ကောင်စီခေါင်းဆောင် ထီးတော်တင်မည့် ရွှေဘုန်းပွင့်ဘုရား)