By MPA
စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ယခုနှစ်( ၂၀၂၅ခုနှစ်) ဒီဇင်ဘာလအတွင်း ပြုလုပ်မည်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ရှစ်ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပါတီများ ပူးပေါင်းလျက် ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းလုပ်ငန်းများကို အချိန်မီဆောင်ရွက်ရမည်ဟုလည်း ဆိုထားသည်။
ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း၊ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားမည့်သူများ မေ ကိုးရက်နောက်ဆုံးထား လျှောက်ထားရမည်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
ထို့ပြင် ရွေးကောက်ပွဲ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးကို ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဌအဖြစ်တာဝန်ပေးအပ်ကြောင်းကိုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် သပိတ်မှောက်ရန် နိုင်ငံရေးအင်အားစုများကလည်း နှိုးဆော်ထားသေးသည်။