By Ra Wai / MPA
လမ်းခရီးမလုံခြုံခြင်းကြောင့် ထိုင်းတွင် အလုပ်လုပ်နေသော ချောင်းဆုံသားများသင်္ကြန်ကာလ ဇာတိပြန်သူ လုံးဝ မရှိသေးကြောင်း သိရသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လူလတ်ပိုင်းနှင့်လူငယ်များသည် သက္ကရာဇ် ၂၀၀၀ မတိုင်မီကတည်းက ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြပြီး နှစ်စဉ် သင်္ကြန်ကာလ ဧပြီလ၌ ဇာတိပြန်ကြ လေ့ရှိသော်လည်း ယခုနှစ်တွင်မူ လမ်းခရီးလုံခြုံမှုမရှိခြင်းနှင့် စစ်မှုထမ်းအဖြစ် ပေါ်တာအဆွဲခံရမည် စိုးသဖြင့် ယနေ့ (ဧပြီကိုးရက်) ထိတိုင် ပြန်မလာကြသေးကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
“ပုံမှန်ဆို အခုအချိန်ဆို ရွာတိုင်းမှာ ထိုင်းကပြန်လာကြတဲ့သူတွေနဲ့ အုံးအုံးထနေတာ။ ကိုဗစ်ဖြစ်ပြီးကတည်းက ပြန်လို့မရတာနဲ့၊ ကိုစစ်(စစ်ကောင်စီ) တွေက အာဏာသိမ်းပြီးတော့လည်း ပြန်တာနည်း သွားတယ်။ မနှစ်ကလည်း လမ်းခရီးမှာ တိုက်ပွဲတွေကြောင့် ပြန်တာနည်းတယ်။ဒီနှစ်ကတော့ လမ်းခ ရီးမကောင်းတာရော ပေါ်တာရောကြောင့် ပြန်လာတဲ့သူ လုံးဝမရှိဘူး” ဟု ၎င်းက MPA သို့ပြောသည်။
ထိုင်းအစိုးရက သင်္ကြန်ကာလ နေရပ်ပြန်မည့် မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို ဧပြီတစ်ရက်မှ မေ ၁၅ ရက်အထိ ဗီဇာကင်းလွတ်ခွင့်ပေးထားသဖြင့် နိုင်ငံအဝင်အထွက် အိမ်ပြန်တုံးထုစရာမလိုပေ။
“ပုံမှန်ဆို ထိုင်းကလည်း သင်္ကြန်ကာလ ဗီဇာကင်းလွတ်ခွင့်ပေးထားတော့ ကျတော်တို့ ချောင်းဆုံသားတွေက ဧပြီတစ်လလောက် သင်္ကြန်ပျော်ရင်းနဲ့ အိမ်ပြန်နားကြတယ်။ ဒီနှစ်ကတော့ ပြန်လာပြီးမှ ထိုင်းပြန်လို့မရမှာစိုးတာရော၊ လမ်းခရီးမှာ ပေါ်တာဆွဲတာတို့၊ စစ်တပ်က ငွေညှစ်တာတို့ အလုပ်ခံရမှာ စိုးတာရောပေါ့၊ အဝင်မရှိဘူး၊ အထွက်ပဲရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘုရားပွဲသင်္ကြန်အဖြစ် ထင်ရှားလှသော ချောင်းဆုံသင်္ကြန်သို့ ပြည်တွင်းရှိ အခြားသော ဒေသများ၌ ပြောင်းရွှေ့အခြေစိုက်နေသည့် ချောင်းဆုံဇာတိသားများလည်း ပြန်လာလေ့ရှိပြီး ယခုနှစ်တွင်မူ ဇာတိပြန်မည့်သူ နည်းမည်ဟု ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးရွာသားတစ်ဦးကဆိုသည်။
“ဒီနှစ်တော့ ပေါ်တာကြောက်ပြီး ရန်ကုန်တို့ဘာတို့ရောက်နေတဲ့ ကျတော်တို့ဇာတိသားတွေ ပြန်မယ် မထင်ဘူး။ပြန်လွန်းရင်လည်း သက်ကြီးပိုင်းနည်းနည်းပဲ”ဟု ၎င်းက ဆိုသည်။
ချောင်းဆုံမြို့သားများမှာ ပြည်နယ်အဆင့်စစ်ကောင်စီက အဓမ္မခွဲတမ်းချပေးသည့် စစ်မှုထမ်းအရေအ တွက်အတိုင်း အချိုးကျငွေထည့်ဝင်ကာ စစ်မှုထမ်းဌားရမ်းနေကြရပြီး ချောင်းဆုံမြို့နယ်အတွင်း၌မူ ယနေ့ထိတိုင် ပေါ်တာမဆွဲသေးပေ။