By Ra Wai / MPA
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ လူငယ်များကို စစ်ကောင်စီတပ်က ပေါ်တာဆွဲသွားကြောင်း သိရသည်။
ဧပြီခြောက်ရက်၊ ညနေသုံးနာရီခန့်တွင် သထုံမြို့နယ်၊ ဒေးဘရိန်းနှင့် သရက်တောရွာထဲသို့ စစ်သားအင်အား အများအပြားရောက်ရှိလာကာ လူငယ်များအား ဖမ်းဆီးသွားကြောင်း ဒေသတွင်းနွေဦးတော် လှန်ရေးစာမျက်နှာ ဗိုလ်ချုပ်နပိုလီယံက ဖော်ပြသည်။
“စုစုပေါင်းဆွဲသွားတာ ရှစ်ဦး။ ညကျတော့ အသက်မပြည့်သေးတဲ့ ကလေးသုံးဦးကို ပြန်လွှတ်ပေးတယ်။ ဘယ်ရွာက ဘယ်နှစ်ယောက်ဖမ်းသွားသလဲဆိုတာတော့ မသိရသေးဘူး။ ပန်းရန်လုပ်နေတဲ့အဖွဲ့ကို ဖမ်းသွားတာလို့ သိရတယ်။” ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPA သို့ပြောသည်။
ယနေ့ (ဧပြီခုနှစ်ရက်) နံနက် ၁၀ နာရီကျော်အထိ သတင်းအရ ဖမ်းဆီးခံရသောလူငယ်များမှာ ပေါင်မြို့နယ်၊ ရင်းငြိမ်ရွာ ရဲဘက်စခန်းအနီးရှိ စစ်တပ်အခြေစိုက်ထားသော ရတနာရန်ကင်းဘုန်းကြီးကျောင်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ပေါင်မြို့နယ်၊ ကတွန်ရွာ၌ အခြေစိုက်ရန် စစ်သားအင်အား ၅၀ ခန့် ရောက်ရှိလာကြောင်း သိရသည်။