By Mg Dagon / MPA
မြန်မာနိုင်ငံတွင် ငလျင်ဘေးကြီးကြုံတွေ့နေစဉ်ကာလအတွင်း ကမ္ဘာ့ကုသမဂ္ဂ(UN)အနေဖြင့် မြန်မာပြည်သူများနှင့် တသားတည်းရှိနေရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောကြားလိုက်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဖေဖော်ဝါရီ ၂၄ ရက်မှ ဧပြီ ၄ ရက်နေ့အထိ တစ်လကျော်ကြာပြုလုပ်ခဲ့သည့် ၅၈ ကြိမ်မြောက်အစည်းအဝေးအတွင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးတို့တင်သွင်းခဲ့သည့် အစီရင်ခံစာများကို ကန့်ကွက်သည့်အနေဖြင့် စစ်ကောင်စီက ကုလကို အထက်ပါအတိုင်း တုံ့ပြန်လာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးလျှင်ပြီးချင်း စစ်ကောင်စီက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့သည်ဟု စစ်ကောင်စီက ရှင်းချက်ပြန်လည်ထုတ်လာခြင်းဖြစ်သည်။
“ယခုကဲ့သို့ သဘာဝဘေးကြောင့်အခက်အခဲများ ကြုံတွေ့နေရသည့်ကာလတွင် မျှတ၍ လက်တွေ့ဆန်သော ချဉ်းကပ်မှုဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးတုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ကူညီပံ့ပိုးရန်နှင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိရန်လည်း ကုလသမဂ္ဂကို တိုက်တွန်းကြောင်း” စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ (ဧပြီ ခြောက်ရက်)တွင် ပြောဆိုသည်။
လက်ရှိ အရေးပေါ်ကာလအတွင်း မြန်မာပြည်သူများနှင့်အတူ တသားတည်းရှိကြောင်း ပြသ၍ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည့် ကုလသမဂ္ဂအေဂျင်စီများအပါအဝင် နိုင်ငံများနှင့် အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိကြောင်း စစ်ကောင်စီက ဆိုသည်။
သို့သော်လည်း စစ်ကောင်စီအပေါ် ပြစ်တင်ဝေဖန်မှုများဆက်လုပ်နေသူများရှိနေသည့်အတွက် လွန်စွာဝမ်းနည်းကြောင်း ယင်းဝန်ကြီးဌာနက ပြောသည်။
“ယခုအချိန်တွင် မြန်မာပြည်သူများ အမှန်တကယ် လိုအပ်သည်မှာ ကူညီဖေးမမှု၊ အကူအညီ၊ အပြုသဘောဆောင်သည့် ထိတွေ့ဆောင်ရွက်မှုနှင့် တစ်သားတည်းဖြစ်မှုတို့သာဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေသော နိုင်ငံရေးသွတ်သွင်းသည့် ဆုံးဖြတ်ချက်အဆိုကို အလိုမရှိပါ” ဟု အဆိုပါဌာနက ပြောသည်။
ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ၏ ၅၈ ကြိမ်မြောက်အစည်းအဝေးအတွင်း မစ္စတာ တွမ်အင်ဒရူးတင်သွင်းက မတ် ၂၈ ရက် အင်အားပြင်းငလျင်ဒဏ်သင့်ပြီးနောက်ပိုင်း စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း၊ စစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်လေ့ရှိသည့် သမိုင်းကြောင်းကို လေးလေးနက်နက်ထောက်ပြလိုကြောင်း အစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဥရောပသမဂ္ဂကလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ နိုင်ငံတကာတရားရုံး(ICJ)တို့ အပါအဝင် မြန်မာနိုင်ငံအတွက် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေး ယန္တရားများ ပြုလုပ်ရန်အရေးကြီးကြောင်း ကုလအစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့တင်သွင်းပြောကြားမှုများအပေါ် လက်တွေ့တန်ဖိုးကင်းမဲ့ပြီး ထိရောက်မှုမရှိသည့် လုပ်ပိုင်ခွင့်များကို အဆုံးသတ်ရန် ကုလသမဂ္ဂကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းကြောင်း ထုတ်ပြန်ပြောကြားလာခြင်းဖြစ်သည်။
စစ်ကောင်စီက နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်တွင်းရှိကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်လုပ်နေသည်ဟု တွင်တွင်ပြောဆိုနေသော်လည်း ငလျင်လှုပ်အပြီး ၁၁ ရက်ကြာမြင့်သည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများစွာကျန်ရှိနေသေးသကဲ့သို့ ကယ်ဆယ်ရေးမလုံလောက်မှုကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု ငလျင်ဘေးကြုံရသူများနှင့် ကယ်ဆယ်ရေးသမားများထံမှ သိရသည်။
“လှုပ်လှုပ်ပြီးချင်း ရက်ပိုင်းကြာတဲ့အထိ ဘယ်သူမှမလာဘူး။ လူငယ်ပရဟိတအဖွဲ့တွေရဲ့အကူအညီပဲရှိတယ်။ အခုတော့ အနည်းအကျဉ်းလာတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ကျွန်မတို့ တစ်ရွာလုံးတော့ ပျက်သွားတယ်။ အခုထိ အကူအညီတွေအများကြီး လိုအပ်နေသေးတယ်။ လှူပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်” ဟု ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကေလာရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် နေပြည်တော်အနီးရှိ ပျဉ်းမနား၊ တပ်ကုန်းနှင့် ရမည်းသင်းမြို့များသို့လည်း ကူညီကယ်ဆယ်ရေးများရောက်ရှိမှု အလွန်နည်းပါးနေသေးပြီး ကိုယ်ထူကိုယ်ထ လုပ်နေရဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“ဒီဘက်မှာလည်း အသေအပျောက်ရာကျော်ရှိတယ်လေ။ ပိတ်မိနေသေးတဲ့ DB တွေရှိနေနိုင်သေးတယ်။ ပြန်လည်ထူထောင်ရေးကတော့ အတော်ကြာဦးမယ်” ဟု ပျဉ်းမနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
မတ်လ ၂၈ ရက်မှ ဧပြီလ ၆ ရက်နေ့အထိ ၁၀ ရက်အတွင်း အင်အားပြင်း ငလျင်ဘေးကြောင့် သေဆုံးသူ ၃,၅၆၀ ဦး၊ ဒဏ်ရာရသူ ၅,၀၁၂ ဦးနှင့် ပျောက်ဆုံးသူ ၂၁၀ ဦးရှိပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားချက်အရ သိရသည်။