By Ah Jar / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ ကိုးကန့်တပ်ဖွဲ့(MNDAA) တပ်သားများသည် မြို့မှ တဖြည်းဖြည်းဆုတ်ခွာနေပြီး လားရှိုးဆေးရုံရှိ ဆေးရုံပစ္စည်းများကို သယ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများ အခက်ကြုံနေရသည့်အပြင် နိုင်ငံရေးအကျဉ်းသားများလည်း တိမ်းရှောင်းနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ လားရှိုးဆေးရုံမှ အီးဂျီစီစက်၊ အောက်စီဂျင်စက်အစရှိသည့် ပစ္စည်းများကို သယ်ဆောင်ခဲ့ခြင်းကြောင့် မြို့ပေါ်တွင် နေထိုင်နေသည့် ဒေသခံများ ဆေးကုသရန် အခက်အခဲဖြစ်ပေါ်နေကြောင်း လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။
“ စစ်တပ်ပြန်ဝင်မှုကနေ ကျတော်တို့ သားသမီးတွေအတွက် ဆိုးကျိုးသက်ရောက်လာမှာကို စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ စစ်မှုထမ်းဖို့ဖြစ်လာနိုင်တယ်။ သူတို့ပြန်အုပ်ချုပ်ရင်တောင် အရင်လို ပြန်လည်ထူထောင်ရေးက မဖြစ်လာနိုင်သေးဘူး။ ဘေးပတ်ပတ်လည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ့ရှိတယ်။ စစ်တပ်က သေနတ်ဖောက်တာနဲ့ ပြန်တိုက်ရင် ထက်ပေးနေရအုန်းမယ်။ နောက်မြို့မှာ လိုအပ်တဲ့ပစ္စည်းတွေကို MNDAA ကသယ်သွားတော့ မြို့က အခွံပဲကျန်တော့တယ်။ ဒါတွေက စစ်တပ်က ပြန်ဖြည့်ဆည်းပေးနိုင်မှာလားပေါ့ ” ဟု ၎င်းက ပြောသည်။
ထို့ပြင် MNDAA က မြို့ပေါ်မှ ဆုတ်ခွာရာတွင်လည်း မီးသတ်ယာဉ်ကဲ့သို့ ပစ္စည်းများကိုပါ သယ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများ မကျေနပ်ခြင်းများလည်းရှိနေကြောင်း၊ ဧပြီ ၂၀ရက်မှ စတင်ကာ လားရှိုးမြို့ဆေးရုံကို ပိတ်တော့မည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုကဲ့သို့ MNDAA က လားရှိုးမြို့ထဲမှ ဆုတ်ခွာပြီးပါက စစ်ကောင်စီတပ်များသည် မြို့ထဲသို့ ဝင်ရောက်ကာ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ဖြစ်သဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် တော်လှန်ရေးမိသားစုဝင်များသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု လားရှိုးထောင်မှ လွတ်မြောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောသည်။
“ စစ်ကောင်စီကို လုံး၀ယုံရတာမဟုတ်ဘူး ။ ကျတော်တို့ မိသားစုတွေကတော့ အခြားနေရာတွေမှာ တိမ်းရှောင်ဖို့ လိုအပ်လာပြီ၊ စစ်တပ်ဝင်လာရင်တော့ တော်လှန်ရေးနဲ့ ထိတွေ့တဲ့ ဘယ်သူမဆို ဖိနှိပ်မှာ CDM တွေလည်း တိမ်းရှောင်ရမှာဘဲ ” ဟု ၎င်းက ပြောသည်။
ယခုနှစ်(၂၀၂၅ခုနှစ်)၊ ဇန်နဝါရီ ၁၅ရက်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ဧပြီ တတိယပတ်အတွင်း လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းရမည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ သတင်းထွက်ပေါ်ပြီးနောက် ကိုးကန့်တပ်များသည် လားရှိုးမြို့အတွင်း တဖြည်းဖြည်းဆုတ်ခွာလျက်ရှိပြီး မြို့ကို စစ်ကောင်စီ၏ ဌာနဆိုင်ရာအဖွဲ့အချို့မှ ပြန်လည်အုပ်ချုပ်မည်ဖြစ်သော်လည်း မည်ကဲ့သို့ အုပ်ချုပ်ရေးဆောင်ရွက်မည်ကို နှစ်ဖက်စလုံး တရားဝင် ထုတ်ပြန်ထားမှုလည်းမရှိသေးပေ။
MPA မှ ရရှိထားသည့် သတင်းများအရ ရပ်ကွက် ၁၂ခုရှိသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပေးရမည်ဖြစ်ပြီး မြို့ပြင်ပရှိ ကျေးရွာများကို ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်မည်ဖြစ်ကာ၊ စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် မနေလိုသူများအနေဖြင့် လိုက်လံရွှေ့ပြောင်းနိုင်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ၏ ဖိအားကြောင့် ဧပြီ ၂၁ရက်နောက်ဆုံးထားပြီး ကိုးကန့်တပ်ဖွဲ့များသည် မြို့မှ ဆုတ်ခွာရမည်ဖြစ်သော်လည်း MNDAA၏ အထူးဒေသ(၁) စစ်ဦးစီးချုပ်အပါအဝင် ဆက်ဆံရေးရုံး၊ ရဲဌာနနှင့် ကာကွယ်ရေးတို့သည် လားရှိုးမြို့၌ ဆက်ရှိနေမည်ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဩဂုတ် သုံးရက်နေ့တွင် ကိုးကန့်နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သော်လည်း တရုတ်အစိုးရက နယ်စပ်ဂိတ်များကို ပိတ်ဆို့ကာ ဖိအားပေးမှုများပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး ယခုကဲ့သို့ မြို့မှ ဆုတ်ခွာပေးနေရခြင်းလည်းဖြစ်သည်။