By Ko Paing / MPA
ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခြင်းမှာ BIMSTEC ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးစားချဉ်းကပ်ခြင်းသာဖြစ်ကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် ဧပြီသုံးရက်နှင့်နှစ်ရက် တို့တွင် ပဲခူးတိုင်း၊မုန်းနှင့် ရွှေကျင်မြို့နယ်သို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပေါ် ကေအဲန်ယူဗဟိုက ယနေ့(ဧပြီလေးရက်)ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
“ကျတော်တို့ ညောင်လေးပင်ခရိုင်ထဲမှာတော့ သိပ်မထူးပါဘူး။အပစ်ရပ်စဲတယ်ဆိုတာ နေပြည် တော်ကကြေညာတာ၊ငါတို့ကတော့ ပစ်စရာရှိ ပစ်မှာပဲဆိုတာမျိုးထင်တယ်။စစ်တပ်က ပစ်နေတာပဲ။ရွှေကျင်၊ကျောက်ကြီး၊ကျောက်တံခါး ဘာမှစိတ်မချရဘူး။မနေ့ကလည်း ကျောက်ကြီး ထဲက မုန်း(မုန်းမြို့)ကို ပစ်တယ်”ဟု ညောင်လေးပင်မြို့၊မြို့မ/နှစ်ရပ်ကွက်နေပြည်သူတစ် ဦးက MPAသို့ပြောသည်။
အပစ်ရပ်ထားသည်ဆိုသော စစ်ကောင်စီက အပြောနှင့်အလုပ် မကိုက်ညီခြင်းမှာ ၎င်းတို့အာဏာ တည် မြဲရေးအတွက်သာရှေးရှုနေခြင်းဖြစ်ပြီး နိုင်ငံတကာကို ခုတုံးသဖွယ်သတ်မှတ်ကာ လူသားဆန်ခြင်းမရှိ၊ နိုင်ငံရေးစိတ်ဆန္ဒမရှိကြောင်း ဖော်ပြနေသည်ဟု ကေအဲန်ယူဗဟိုက ဆိုသည်။
ဧပြီသုံးရက်တွင် မုန်းမြို့နယ်၊ ဟောခို့ဂေါ် (ငထွေစုပ်)ရွာထဲသို့ ရွှေကျင်အခြေစိုက် ခမရ၃၅၁ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ရာ အသက်၂၄နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဒဏ် ရာရခဲ့ပြီး အိမ်နှစ်လုံး ပျက်စီးခဲ့သည်။
ဧပြီနှစ်ရက်ကလည်း ရွှေကျင်မြို့နယ်၊ညောင်ခြေထောက်ရွာထဲသို့ စစ်တပ်ပစ်ခတ်သည့် ၈၁မမ လက် နက်ကြီးကျည်ကျရောက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
BIMSTEC ထိပ်သီးအစည်းအဝေးကို ဧပြီနှစ်ရက်မှ လေးရက်အထိ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ကျင်းပလျက်ရှိပြီး ဒေသတွင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ထိုင်းခေါင်းဆောင်တို့နှင့်အတူ မင်းအောင်လှိုင်လည်း တက်ရောက်ခွင့်ရနေသည်။
စာတည်း-ML