By Ra Wai / MPA
စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို BIMSTEC ညီလာခံ တက်ရောက်ခွင့် ပြုလိုက် ခြင်း သည် နိုင်ငံတကာရာဇ၀တ်မှုများ ထပ်မံကျူးလွန်နိုင်ရန်အတွက် တရား၀င်မှုပေးကာ ရဲဆေးတင်ပေးလိုက်ခြင်းဖြစ်ကြောင်း Justice for Myanmar က ဆိုသည်။
ယနေ့ (ဧပြီ သုံးရက်) ညနေပိုင်းတွင် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ မင်းအောင်လှိုင်ရောက်ရှိနေပြီဖြစ်ပြီး မင်းအောင်လှိုင်ကို BIMSTEC ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် BIMSTEC အဖွဲ့တို့၏ ဆုံးဖြတ်ချက်အား ပြင်းထန်စွာရှုတ်ချကြောင်း Justice for Myanmar က ထုတ်ပြန်သည်။
“အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံက အာဆီယံရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ပြီးတော့ မင်းအောင်လှိုင်ကို တရားဝင်မှုပေးလိုက်တာပဲ။ထိုင်းရဲ့နောက်မှာ တရုတ်ရဲ့ဖိအားရှိတယ်။မြန်မာ့ အိမ်နီးချင်းဆိုး တရုတ်နဲ့အပြိုင် အိန္ဒိယကလည်း စစ်ကောင်စီကို တရားဝင်မှုပေးဖို့ မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေးဖိတ်လိုက်တာပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
ဒေသဆိုင်ရာအဖွဲ့အစည်းကြီးဖြစ်သည့် BIMSTEC အနေဖြင့် ကြောက်မက်ရွံရှာဖွယ် နိုင်ငံတကာရာဇ ဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုခေါင်းဆောင် စစ်ရာဇဝတ်ကောင်တစ်ဦးအား ကြိုဆိုလိုက်ခြင်းသည် အဖွဲ့၏ပုံရိပ်အား ညိုးနွမ်းသွားစေကြောင်း Justice for Myanmar၏ ယနေ့(ဧပြီသုံးရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွင် စုံစမ်းစစ်ဆေးခြင်း ခံနေရသည့် မင်းအောင်လှိုင်သည် ဒဏ်ခတ်ပိတ်ဆို့မှုများစွာကိုလည်း ချမှတ်ခံထားရသူဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတစ်ခုသည် မင်းအောင်လှိုင်အား ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သော ၎င်း၏အခန်းကဏ္ဍအတွက် မကြာသေးမီက ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ကြောင်း Justice for Myanmar က ဆိုသည်။
BIMSTEC အနေဖြင့် မြန်မာစစ်တပ်၏ ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုကို ရပ်တန့်၍ ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ရန် Justice for Myanmar က တောင်းဆိုလိုက်သည်။
BIMSTEC အစည်းအဝေးကို ဧပြီနှစ်ရက်မှ လေးရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ထိုင်းခေါင်းဆောင်တို့နှင့် မင်းအောင်လှိုင်လည်း တက်ရောက်ခွင့် ရခဲ့ခြင်းဖြစ်သည်။