Maung Dagon / MPA
ငလျင်သတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဝေဖန်သူများအား စစ်တပ်ဝါဒဖြန့်သမားများက ဖမ်းဆီးမှုများ လုပ်ဆောင်ရန် စေခိုင်းနေကြောင်း သိရသည်။
ဟန်ငြိမ်းဦး၊ သဇင်ဦးစသည့် စစ်ကောင်စီ၏ အမာခံ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၌ ငလျင်သတင်းများနှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအပုပ်ချရေးသားသည်ဟု ၎င်းတို့ယူဆသူများကို ငလျင်လှုပ်ခတ်ပြီးသည့်အချိန်မှ စတင်ကာ ဖမ်းဆီးခိုင်းမှုများ ပြုလုပ်သည်။
လက်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံရေး တရားဝင်မှုအတွက် ငလျင်ဘေးအား အမြတ်ထုတ်နေသည်ဟု ဝေဖန်မှုများ မြင့်တက်နေချိန်တွင် စစ်တပ်ဝါဒဖြန့်သမားများက အထက်ပါအတိုင်း ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းလည်းဖြစ်သည်။
“ အင်တာနက် စာမျက်နှာပေါ်ကနေ ပုဂ္ဂိုလ်ရေးအရ အပုပ်ချ တိုက်ခိုက်တတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူခံရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ် ” ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ခြိမ်းခြောက်ရေးသားထား ကြသည်။
အဆိုပါ စစ်တပ်ဝါဒဖြန့်ချန်နယ်များကလည်း ငလျင်ကပ်ဘေးဖြစ်နေချိန် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည့် ပြည်သူများကိုလည်း ဖမ်းဆီးခိုင်းနေသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံ၌ ငလျင် ကပ်ဘေးတွေ့နေရသော်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုများကိုနေ့စဉ်ပြုလုပ်လျက်ရှိပြီး အဆိုပါသတင်းများအား မျှဝေသူများ၊ မှတ်ချက်ပေးသူများကို ဖမ်းဆီးခိုင်းနေခြင်းလည်းဖြစ်သည်။



” ဘာမှ မဟုတ်ဘဲ အေးရော ဆိုပြီး share တဲ့သူကိုတောင် ဖမ်းခိုင်းနေတာ၊ တော်တော် ယုတ်မာတဲ့ သူတွေပါ” ဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်များအား စောင့်ကြည့်မှတ်တမ်းတင်နေသည့် အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ထို့ပြင် ငလျင်ဘေးနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲများကို ထောက်ပြနေသူများကို စစ်တပ်ဝါဒဖြန့်သမားများက ဖမ်းဆီးခိုင်းနေသည်ကိုလည်း တွေ့ရသည်။
သဇင်ဦးနှင့် ဟန်ငြိမ်းဦး စစ်တပ်ဝါဒဖြန့် ချန်နယ်နှစ်ခုသည် ငလျင်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဝေဖန်သည်ဟုဆိုကာ ဧပြီ တစ်ရက်မှ ဧပြီသုံးရက်ထိ လူလေးဦးထက်မနည်းကို ဖမ်းဆီးရန် လှုံ့ဆော်မှု ပြုလုပ်ခဲ့သည်ကို ၎င်းတို့ ရေးသားထားသည့် စာများအရတွေ့ရသည်။
“ အမေက မှာထားတယ်။ စစ်တပ်ကို မဆဲဖို့၊ စစ်တပ်လော်ဘီတွေက သူတို့ကို ဝေဖန်ရင်၊ အသံးမကျရင် အသုံးမကျဘူးလို့ ပြောတာကို ပြောခွင့်မရှိအောင် ဖမ်းဆီးခိုင်းနေတာလေ ” ဟု ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေထိုင်သည့် အသက် ၂၇နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီ ထောက်ခံသူများကလည်း ငလျင်ကပ်ဘေးနှင့် ပတ်သက်ပြီး သတင်းအတိအကျရေးသားသည့် လွတ်လပ်သော သတင်းဌာနများနှင့် ပြည်သူများ၏ ရေးသားမှုများကို ပိတ်ပင်ရန်အတွက်လည်း ပြောဆိုမှုများ ရှိနေသည်။
” အကုန်ပိတ်ရမယ်။ ငလျင်ဘေးသင့်နေချိန် ဒီလို တပ်ကို ဝေဖန်တဲ့ ရေးသား သုံးသပ်ချက်တွေ မဖတ်ချင်ဘူး။” ဟု စစ်တပ်ထောက်ခံသူ တစ်ဦးက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့်သမားများသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် ဇန်နဝါရီမှစတင်ကာ လူမှုကွန်ရက်ပေါ်၌ စစ်တပ်ကို ဝေဖန်ရေးသားသူများအား ဖမ်းဆီးရန် ဆော်သြမှုများ ပြုလုပ်လာခဲ့ကြသည်။
Data For Myanmar က ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီထိ လူမှုကွန်ရက်ပေါ်၌ အာဏာသိမ်းစစ်တပ်ကို ဝေဖန်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ၁၈၈၄ဦး ရှိသည်ဟု သိရသည်။