By Mg Dagon / MPA
ငလျင်ဘေးကြောင့် ကယ်ဆယ်ရေးမလုံမလောက်ဖြစ်နေစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက စစ်ကောင်စီကိုဆန့်ကျင်သူများအား အပြစ်ဖို့ပြောဆိုလိုက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ကြရန် ဝါဒဖြန့်သည်။
ငလျင်ဘေးသင့်နေရာများသို့ အကူညီပေးရေးကိစ္စများအပေါ် ဦးခင်ရီ၏ ဆွေးနွေးသုံးသပ်ချက်ဆိုပြီး ယမန်နေ့ (မတ် ၃၁ ရက်) တွင် USDP က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီလို တစ်ကမ္ဘာလုံးက အုတ်အော်သောင်းနင်း ဘေးဥပါဒ်အန္တရာယ်သင့်တဲ့ဒေသတွေပေါ်မှာ ကူညီနေတဲ့အချိန်မှာ ကျွန်တော်တို့ဆီက အကြမ်းဖက်သောင်းကြမ်းသူ(ဦးခင်ရီ၏ အာဘော်သာဖြစ်သည်)အချို့ ပြည်ပရောက်နေတဲ့အဖွဲ့အစည်းအချို့ ဒီပုဂ္ဂိုလ်တွေက ဒီအပေါ်မှာ အမဏာပပြောနေတယ်။ အဲဒီ NU…(NUG) ဒီ EAO နဲ့.. EAO ပေါ့ဗျာ။ EAO တိုက်ခိုက်ရေးသမားတွေကလည်း အလုပ်ရှုပ်နေတဲ့ ကာကွယ်ရေး၊ လုံခြုံရေးအင်အားစုတွေအပေါ် မူတည်ပြီးတော့ တိုက်ကွက်ဖော်တာတွေ ကျတော်တို့တွေ့တယ်။ အလစ်အငိုက်ပဲ ဆိုပြီးတော့ပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဆီဆိုင်မြို့၊ ကယား(ကရင်နီ)ပြည်နယ်နှင့် ရှမ်းမြောက်ရှိ ဒေသအချို့တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဦးခင်ရီက ပြောသည်။
“ဒါတော်တော်ဆိုးဝါးတဲ့ကိစ္စပဲ။ တချို့အဖွဲ့အစည်းတွေကလည်း ဒီအပေါ်မှာ အမဏာပပြောကြတယ်။ ဖျက်လိုဖျက်ဆီးတွေ ပြောကြတယ်” ဟု အာဏာသိမ်းမှုကိုအထောက်အပံ့ပေးနေသည့်ပါတီ၏ ခေါင်းဆောင်က ပြောသည်။
သို့သော် စစ်ကောင်စီတပ်က ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့အပါအဝင် လေးရက်ဆက် အညာဒေသနှင့် ရှမ်းမြောက်ဒေသတို့အပါအဝင် ဒေသအချို့တွင် လေယာဉ်၊ ဒရုန်းနှင့် စက်တပ်လေထီးများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်နေခြင်းကိုမူ ဦးခင်ရီက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။
ထို့ကြောင့် ယဉ်ကျေးလာသည့်လူ့အဖွဲ့အစည်းအတွင်း ယခုကဲ့သို့လုပ်ရပ်မျိုးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများအနေဖြင့် လူ့ဘောင်တွင် မရှိသင့်တော့ကြောင်း ၎င်းက ဆက်ပြောထားသည်။
“ကျတော်တို့ကတော့ နိုင်ငံတော်ကြီးအခက်အခဲအတိဒုက္ခကြုံတွေ့နေရချိန်မှာ နိုင်ငံတော်အစိုးရနဲ့အတူ ပူးပေါင်းလက်တွဲပြီးတော့ ဒီအခက်အခဲအကျပ်အတည်းကို အားလုံးလက်တွဲပြီးတော့ ကျော်လွှားသွားကြဖို့၊ ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဦးခင်ရီက ထည့်သွင်းပြောကြားသွားသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ဖြစ်လာပါက လူအများ ဒုက္ခရောက်လာကြသည့်အခါ နိုင်ငံ၊ လူမျိုးဘာသာ၊ ဒီမိုနှင့် ရီပတ်ဘလစ်ကန်၊ အရင်းရှင်၊ ကွန်မြူနစ်၊ ဆိုရှစ်လစ် အစရှိသဖြင့် အကွဲကွဲအပြားပြားမရှိတော့ဘဲ လူသားဆိုသည့် စိတ်ဓာတ်ဖြင့်သာ အကူအညီပေးနေကြတာဖြစ်သည်ဟု ၎င်းက ပြောသည်။
လတ်တလော ကုလသမဂ္ဂအဖွဲ့အစည်းများအပြင် နိုင်ငံများဘက်က ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပြီး ကူညီပေးနေကြသည်ဟု ၎င်းက ပြောသည်။ ထိုင်ဝမ်က ကယ်ဆယ်ရေးအဖွဲ့များမှာ စစ်ကောင်စီဘက်က ဝင်ရောက်ကူညီခွင့်မပြုသည့်အတွက် ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်ဝမ်ပြည်ထဲရေးဘက်က ယမန်နေ့က ထုတ်ပြန်ထားသည်။
“ဒီလူတွေအကြောင်းက စကားထဲကို ထည့်မပြောသင့်တော့တာဗျ။ ကျတော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပဲလိုပါတယ်” ဟု အညာမြေ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိငလျင်ဘေးသင့်ခဲ့သည်မှာ ငါးရက်မြောက်နေ့အထိ ဘေးဒဏ်ကို အဓိကခံစားခဲ့ရသည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်းတို့အပါအဝင် ဒေသအများစုတွင် မကယ်ဆယ်နိုင်သေးသည့် လူအများရှိနေဆဲဖြစ်သည်။
“အင်းလေးဘက်မှာ ကယ်ဆယ်ရေးတွေမလုံမလောက်ဖြစ်နေကြတယ်။ DB တွေကို အခုထိ မထုတ်နိုင်သေးတဲ့နေရာတွေရှိနေသေးတယ်။ ဒီနေ့အထိပဲ။ စကစလည်းမလာဘူး။ ဒေသက လူငယ်တွေနဲ့ ပရဟိတအဖွဲ့တွေကပဲလုပ်နေရတယ်” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ယခုကဲ့သို့ သမိုင်းဝင်ငလျင်ဘေးကြီးစတင်ကြုံတွေ့ခဲ့သည့် မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ က စက်တပ်လေထီး ၂ စင်းဖြင့် ကမ္မမြို့အရှေ့မြောက်ဘက်ရှိ တိုင်းရင်းဆေးထုပ်လုပ်ရာဝန်းအတွင်းသို့ ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထို့ကြောင့် အလုပ်ရုံဘေး ကျရောက်ပေါက်ကွဲပြီး အလုပ်သမားများ နှစ်ဦး သေဆုံးသည့်အပြင် ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ထို့ပြင် မတ်လ ၂၈ ရက်က ငလျင်ကြီးလှုပ်ပြီးစအချိန်တွင် စစ်ကောင်စီက နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံနေအိမ် သုံးလုံးနှင့် စာသင်ကျောင်း နှစ်ကျောင်းတို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ပလောင်ဝ်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို မတ်လ ၃၁ ရက် နံနက် ၁၀ နာရီကျော်က (၁၂၀)မမ ဗုံးသီးတပ်ဆင်လာသည့် ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။