By Mandy / MPA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်ဦးဆောင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပြုလုပ်ရန်အတွက်ဟုဆိုကာ အစည်းဝေးပြုလုပ်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
NLD ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ နှင့် ပြည်နယ်နှင့် တိုင်း အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်များ တွေ့ဆုံ၍ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ ကျင်းပရန် ဆွေးနွေးပွဲပြုလုပ်သည်ဟု ဒေါက်တာမေဝင်းမြင့်က ရေးသားထားပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့သူများ အွန်လိုင်းမှ တက်ရောက်ခဲ့သူများ၏ ပုံများကိုလည်း ၎င်း၏ လူမှုကွန်ရက် တွင် ဖော်ပြထားသည်။
“ဒါကတော့ မလုပ်သင့်ဘူးဗျ။ တိုင်းပြည်က အခုလိုအခြေအနေဖြစ်နိုင်ချိန်မှာ မွေးနေ့တွေက အဲ့ဒီလောက်အရေးမပါဘူးလို့ပဲ မြင်တယ်” ဟု Generation Z Army မှ ဦးဆောင်သူ ကိုဇက်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အင်အားအလွန်ပြင်းထန်သည် မြေငလျင်ကြောင့် ပြည်သူများစွာ သေဆုံးနေသည့်အတွက် NUG ကလည်း ထိုးစစ်များကို ရပ်နားမည်ဟု ထင်ထားသလို၊ MNDAA ကလည်း လားရှိုးမြို့၌ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်းကြေညာထားသည်။
ထိုကဲ့သို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ထိုးစစ်နှင့် ပျော်ပွဲရွှင်ပွဲများကို ရပ်တန့်ထားသော်လည်း NLD ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲပြုလုပ်မည့်ကိစ္စကို ဆွေးနွေးပွဲပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများလည်းထွက်ပေါ်လျက်ရှိသည်။
“ ဒီအချိန်ဒီကာလမှာ မွေးနေ့ပွဲကအရမ်းအရေးကြီးနေလား၊ တိုင်းပြည်အဆင့် ကြီးမားတဲ့ ပျက်စီးမှုတွေဖြစ်နေလို့ တော်လှန်ရေးအဖွဲ့အသီးသီးက လူသားစာနာမှုတွေကူညီနေတာ၊ ပျော်ပွဲရွင်ပွဲတွေမလုပ်ဖို့ အမိန့်စာတွေထုတ်တာတွေကို လုပ်နေတယ်။ အခု NLD ပါတီရဲ့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က အမေစုကိုအမည်တပ်ပြီးတော့ ဇွန်လမှ ရောက်မဲ့ မွေးနေ့ပွဲအတွက် ဘာတွေအရေကြီးပြီး အစည်းအဝေးတွေတောင်ထိုင်နေရတာလဲ၊ အတော်ကိုစိတ်ပျက်ဖို့ ကောင်းလွန်းတယ် ” ဟု ပုလဲမြို့နယ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံသားများသည် ငလျင်ဘေးကြောင့် အသက်အိုးအိမ်များ ဆုံးရှုံးနေရသည့်အပြင် တစ်ဖက်တွင်လည်း စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာမလုပ်ဘဲ စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ယနေ့တိုင်ပြုလုပ်နေသည့်အချိန်၌ NLD ပါတီဝင်အချို့မှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်ခြင်းအတွက် အံ့ဩမိကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မတရားထောင်ချခံရတဲ့ အမေစုလွတ်မြောက်ရေး၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး၊ စစ်တပ်ရဲ မတရားအကြမ်းဖက်ခြင်းကို ခံနေရတဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ကူညီမှုတွေပေးဖို့ဟာ ပါတီရဲ့လုပ်ငန်းစဉ်တွေ မဟုတ်တော့ဘဲ အသစ်ပြောင်းသွားတာလားဆိုတာကို ပြည်သူတစ်ယောက်အနေနဲ့ရော အမျိုးသမီးတက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ရော မေးခွန်းထုတ်စရာရှိပါတယ် ” ဟု ၎င်းက ပြောသည်။
မတ် ၂၈ ရက်က မန္တလေးမြို့ကို ဗဟိုပြုပြီး အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သီချင်းသီဆိုခဲ့သည့် အဆိုတော် Double J နှင့် ယွန်းမြတ်တို့ကိုလည်း စာနာမှုမရှိသူများဟု ပြည်သူများက ပြင်းထန်စွာ ဝေဖန်မှုများပြုလုပ်ခဲ့သေးသည်။