30 Mar 2025 By Ra Wai / MPA
ငလျင်ဘေးဒဏ်နှင့် ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီ အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက လူစိတ်မွေးရန်လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။
ငလျင်ဘေးဒဏ်သင့်လူထုအတွက် စိတ်ထိခိုက်ဝမ်းနည်းကြောင်းနှင့် ဝိုင်းဝန်းကူညီရေး အမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ၂၉ရက်ညတွင် တိုက်တွန်းနှိုးဆော်ရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တစ်ခါလောက်ဖြစ်ဖြစ် လူစိတ်လေး မမွေးနိုင်ကြဘူးလားလို့ မေးခွန်းထုတ်လိုက်ချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီကို ပြောသည်။
ငလျင်စတင်လှုပ်ခတ်ခဲ့သည့် မတ် ၂၈ရက်၊ မွန်းလွဲ တစ်နာရီ ငါးမိနစ်က ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်၊ နောင်လင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချခဲ့မှုကြောင့် နေအိမ်သုံးလုံးနှင့် စာသင်ကျောင်းနှစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
“ဒီအချိန်က ဘယ်ဘက်က ဖြစ်ဖြစ် စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားရမဲ့အချိန် ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ အဲ့ဒီအချိန်က ငလျင်လှုပ်တာကို မသိခင်အချိန်ကတည်းက လေကြောင်းတိုက်ခိုက်မှု လုပ်ဖို့ စတင်လှုပ်ရှားခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်ရက်တွေတော့ ဆက်ကြည့်ရမှာပေါ့၊ အဓိကကတော့ ဒီအချိန်မှာ ဘယ်ဘက်က ဖြစ်ဖြစ် စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ထားဖို့ ဝိုင်းဝန်းတိုက်တွန်းကြရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံရေးဆောင်းပါးရှင် ဆရာနောင်ဘိုက MPAသို့ပြောသည်။
မတ်လ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ၅၁မိနစ်နှင့် ၁နာရီ၂မိနစ်တို့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ အနီးတို့ ကို ဗဟိုပြုကာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နာရီဝက်ကျော်အကြာ တစ်နာရီခွဲနှင့် နှစ်နာရီကြား၌ နောင်ချိုမြို့နယ်၊ကံကြီးကျေး ရွာအနီးသို့ စစ်တပ်က လေကြောင်းမှ ဗုံးသုံးကြိမ်ကြဲချခဲ့ရာ ဓနုပြည် သူ့ လွတ်မြောက်ရေးတပ်တော်-DPLAမှ ရဲ မေခြောက်ဦးနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“ထိုးစစ်ကို နှစ်ပတ်ရပ်မယ်လို့ NUG ကကြေညာတယ်။ စည်စည်ကားကား ကျင်းပဖို့ စီစဉ်ထားတဲ့ သင်္ကြန်ပွဲကို မလုပ်တော့ဘူးလို့ MNDAA က ချက်ချင်းကြေညာတယ်။ နိုင်ငံရေးအသိလည်းမရှိ၊ ပြည်သူကို လူလို့ မထင်တဲ့ နေပြည်တော်ကသူ(စစ်ကောင်စီ)တွေကတော့ ဒါမျိုးကြေညာရ ကောင်းမှန်းလည်း မသိဘူး။ငလျင်ဘယ်လောက်လှုပ်လှုပ် ငါတို့အာဏာအတွက် ပစ်စရာရှိတာ ဆက်ပစ်မယ်ဆိုတာမျိုးလားပေါ့”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြော သည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသွားခဲ့ကြသည့် ပြည်သူများအား ဝမ်းနည်းကြောင်းဖော်ပြရန် အတွက် အထူးဒေသရှိ အစိုးရအဖွဲ့က စည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်ထားသော မဟာသင်္ကြန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ကိုးကန့်တပ်မတော် MNDAA က မေလ၂၉ရက်တွင် ထုတ်ပြန်သည်။
လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားရန်နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သည့် အကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များအားညွှန်ကြားထားပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း မတ်လ၂၉ရက်၌ ထုတ်ပြန် ထားသည်။
စာတည်း-ကိုဆန်း