By Hlaing / MPA
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ နှောကန်ကျေးရွာတွင် စစ်တပ်က အထပ်မြင့်တိုက်များ၌ နေရာယူကာ ခံစစ်ပြင်နေ၍ အရပ်သားပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက်တွင် မလှိုင်မြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ နှောကန်ကျေးရွာ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်၊ ဒေသခံပြည်သူများကိုလည်း နေရပ်စွန့်ခွာ၍ ရှောင်တိမ်းကြရန် သတိပေးစာများလည်း ကြဲချခဲ့ကြောင်း သိရသည်။
“ ၂၃ ရက်နေ့က PDF ဘက်ကနေ ဒရုန်းနဲ့ ဗုံးကြဲတယ်။ ၂၆ ရက်ညက PDF ဘက်ကနေ ဒရုန်းနဲ့ စာချတယ်၊ ပြည်သူတွေကို ရှောင်ဖို့ပေါ့၊ အဲ့ဒီ့ညတွင်းချင်းပဲ ကျမတို့ ရွာထဲကနေ ထွက်လာကြတာ၊ မနေ့က( မတ် ၂၇ ရက်) ရွာထဲမှာ ရဲတွေနဲ့ စစ်ကောင်စီတပ်တွေ နေရာယူထားတယ်လို့ ကြားတာ” ဟု နှောကန်ကျေးရွာမှ မလှိုင်မြို့ပေါ်သို့ တိမ်းရှောင်လာသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မတ် ၂၇ ရက်တွင် စစ်ကောင်စီက နှောကန်ကျေးရွာအတွင်းရှိ အထပ်မြင့်အဆောက်အဦများပေါ်၌ နေရာယူကာ စနိုက်ပါနှင့် စက်သေနတ်များ တပ်ဆင်ထားသည့်အပြင် နှောကန်ကျေးရွာအတွင်းရှိ ပြည်သူများကိုလည်း ပြင်ပသို့ ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းသဖွယ်ပြုလုပ်ထားကြောင်း သိရသည်။
“ မနေ့ကဆို (မတ် ၂၇ ရက်) ရွာဘက်ကို ခပ်လှမ်းလှမ်းကနေ ခဏပြန်ကြည့်တာ၊ ရွာကြီးက ခြောက်ကပ်နေတာပဲ၊ နှောကန်မှာက ရဲစခန်းလည်းရှိတော့ တိုက်ပွဲဖြစ်မှာကြောက်ကြတယ်လေ၊ အခု ရွာထဲကလူလည်း အပြင်မထွက်ရ၊ အပြင်ကလူလည်း ရွာထဲမဝင်ရ၊ အဲ့ဒီလို လုပ်ထားတာ” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် နှောကန်ကျေးရွာမှ ဒေသခံများအပြင် မလှိုင် – နှောကန်လမ်းမပေါ်ရှိ ဘောက်ခွေးတော၊ သုံးတောင်၊ ပျော်ဘွယ်၊ သရက်ကောင်းပင်၊ အိမ်ကြီးတော၊ လက်စွေ့၊ မြောက်လည်၊ ဆုံတွင်းကျေးရွာများမှ ငွေကြေးတတ်နိုင်သူအချို့မှာလည်း မလှိုင်မြို့ပေါ်သို့ ရှောင်တိမ်းနေထိုင်လျက်ရှိသည်။
“ မြို့ပေါ်မှာက အေးဆေးပါသေးတယ်။ စစ်ရှောင်တယ်ဆိုတာကလည်း မကြုံဖူးသေးတော့ စိုးရိမ်နေကြတယ်။ အခုတလော ပေါ်တာဆွဲတာလည်း ငြိမ်နေတယ်။ ရှောင်ထားတာတော့ မမှားပါဘူး” ဟု မလှိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၂ ခုနှစ်မှစ၍ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက အဆိုပါ နှောကန်နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့သည်။
မလှိုင်မြို့နယ်ရှိ နှောကန်ကျေးရွာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျား ၉၉၀ ဦး၊ မ ၁၁၅၂ ဦး စုစုပေါင်း ၂၁၄၂ ဦး နေထိုင်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက်တွင်လည်း မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာရဲစခန်းအပိုင်နယ်မြေတွင် တည်ရှိသည့် လက်စွေ့ကျေးရွာ၌ ဂိတ်ဖွင့်ကာ ငွေကြေးကောက်ခံနေသည့် ဒုရဲအုပ်တစ်ဦးနှင့် တပ်သားတစ်ဦးကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး သေဆုံးခဲ့ကာ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။