By Nway / MPA
စစ်ကြောင်းစွန့်ခွာ ထွက်ပြေးလာသော မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ မှ ယာယီတပ်ရင်းမှူး၊ ဗိုလ်မှူးသန်းထိုက်ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်ခရိုင်အမှတ်တစ်တပ် ရင်းနှင့် ကရင့်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တပ်ရင်း ခုနှစ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရဲဘော်များ လုံခြုံရေးစစ်ဆေးနေသည့် မတ်လ ၂၆ရက်၊ နံနက် ၁၀နာရီခန့်တွင် ဗိုလ်မှူးသန်းထိုက်ကို အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ်တစ်တပ်ရင်းက ယနေ့ ( မတ်လ ၂၈ရက် ) သတင်းထုတ်ပြန်သည်။
” သူ စစ်တပ်ထဲမနေချင်တော့ဘူး။ သူ့မိဘဆီပြန်မယ်ဆိုပြီး အရပ်သားဟန်ဆောင်ပြီး ခရီးသည် ကားနဲ့ လိုက်လာတာ။ မသင်္ကာလို့ စစ်ဆေးရင်းကနေ သူဝန်ခံတာ။ ဖမ်းဆီးစဥ်မှာ အသာတကြည်ပဲ လိုက်ခဲ့တာပါ ” ဟု မြိတ်ခရိုင်အမှတ်တစ်တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက MPA ကိုပြောသည်။
၎င်းသည် အသက်၄၀ရှိပြီဖြစ်ပြီး ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်မြို့သို့သွားစဉ် ဖမ်းဆီးမိခြင်း ဖြစ်သည်။
ဗိုလ်မှူးသန်းထိုက်သည် တနင်္သာရီမြို့နယ်အတွင်း စစ်ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် လူစုကွဲကာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။
” DSA ၄၇ ဆင်းပါ။ ကျန်တဲ့အသေးစိတ်ကိုတော့ မေးမြန်းနေဆဲပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လ ၂၄ရက်တွင် မြိတ်မြို့မှ တနင်္သာရီမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကား ရှစ်စီးကို တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ၊ ဆီအုန်းကုန်းအရောက်၌ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။