By Ra Wai / MPA
ရိုဟင်ဂျာ အရေးသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
၆၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” အဆိုမူကြမ်း A/79/L.67 အား အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခြင်းကို မတ်လ၂၅ရက်က ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ ရပ်တည်ချက်အကြောင်း ရှင်းလင်းပြောကြားစဉ် အထက်ပါအ တိုင်း ထည့် သွင်းပြောကြားခဲ့သည်။
“သံအမတ်ကြီးက ရိုဟင်ဂျာပြဿနာဟာ စစ်အာဏာရှင်တွေ ဖန်တီးခဲ့တဲ့ ပြဿနာများစွာထဲက ပြ ဿနာတစ်ရပ် သာဖြစ်တဲ့အကြောင်း နိုင်ငံတကာစင်မြင့်ထက်မှာ အသိပေးလိုက်တာ။စစ်အာဏာ ရှင်စ နစ်ကို အမြစ် မဖြတ်နိုင်သရွေ့ ရိုဟင်ဂျာအရေးလည်း ပြေလည်မှာမဟုတ်ဘူးလို့ ပြောခဲ့တာ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
စစ်တပ်အနေဖြင့် စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အ ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့ ကျူးလွန်သည့် လုပ်ရပ်များသည် ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများ အပါအဝင် မြန်မာပြည်သူ အားလုံးအပေါ်၌ သက်ရောက်မှု ရှိကြောင်းထို့အတူ နောက်ဆက်တွဲ ဆိုးကျိုးများသည်လည်း ဒေသအတွင်းနှင့် အခြားနေရာများသို့ပါ ပျံ့နှံ့ နေပြီဖြစ်ကြောင်း၊ ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များအနက် တစ်ခုမျှသာဖြစ်သည်ကို အလေးထား ပြောကြားလိုကြောင်း သံအမတ်ကြီးက ဆိုသည်။
ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ အခွင့်အရေးများ မြှင့်တင် ကာကွယ်ရေးအတွက် ဘက်စုံထောင့်စုံ ထည့်သွင်းစဉ်းစားသည့် ချဉ်းကပ်မှုပုံစံကို အသုံးပြု ခြင်းက အလွန် အရေးကြီးပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အခင်းအကျင်း တစ်ရပ်လုံးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရမည်ဖြစ်ကြောင်း သို့မှသာ ပြဿနာတစ်စုံလုံးကို ပြည့်ပြည့်ဝဝ ဖြေရှင်း၍ ရေရှည်တည်တံ့သော ဖြေရှင်းနည်းအား ရှာဖွေနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။
စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ် ပြန်ရေးမှာ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း လည်း ဆိုသည်။
ရိုဟင်ဂျာအရေး အဆိုမူကြမ်း L. 67 နှင့်ပတ်သက်ပြီး ရုရှားကိုယ်စားလှယ်အဖွဲ့ က “မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ ဆောလျင်စွာ ပြန်လည်သွားရောက်နိုင်ရေး အတွက် သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးစာသား၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပါဝင်မှုနှင့်ပတ်သက်သည့်စာသားနှင့် Gender Parity နှင့် လူငယ်များ ကိုယ်စားပြုမှုနှင့်ဆက်စပ် စာသားတို့ ဖြုတ်ချရန် တောင်းဆိုသဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအနည်းငယ်သာရရှိသဖြင့် ပယ်ချခံရသည်။
ပြင်ဆင်ချက်များကို အတည်ပြုခြင်းမရှိသည့်အတွက် အဆိုမူကြမ်း L.67 အား အထွေထွေညီလာခံ သဘာပတိက တင်သွင်းခဲ့သည့်အတိုင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ သုည မဲနှင့် ကြားနေမဲ ၁၀ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့က တင်သွင်းသည့် ပြင်ဆင်ချက် သုံးခုစလုံးကို ကန့်ကွက်မဲ ပေးခဲ့ကြောင်း သိရသည်။