By Ra Wai / MPA
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အကူအညီ၊အထောက်အပံ့ပေးနိုင်ရေးကိစ္စကို ချက်နိုင်ငံခြား ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း NUGအစိုးရက သတင်းထုတ်ပြန်သည်။
မတ်လ၂၇ရက်တွင် NUGအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský တို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း NUGနိုင်ငံခြားရေးဝန်ကြီး ဌာနက ယနေ့(မတ်၂၈ရက်)သတင်းထုတ်ပြန်သည်။
“နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့နိုင်ငံတွေကို လက်တွေ့ကျတဲ့ အကူအညီတွေပေးဖို့ တွေ့တဲ့အ ချိန်တိုင်း တောင်းခံနေရမှာ NUGအစိုးရရဲ့ အလုပ်ပါပဲ။ နောက်တစ်ချက်၊ NUG အစိုးရအနေနဲ့ မဖြစ်မ နေလုပ်ဖို့လိုတာက နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့နွေဦးအပေါ် လက်တွေ့ကျတဲ့ အထောက်အ ပံ့တွေ ဘာ့ကြောင့် မပေးသလဲဆိုတာကို ကျယ်ပြန့်တဲ့ ဆွေးနွေးအဖြေရှာဖို့ပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ယင်းသို့သော ဆွေးနွေးအဖြေရှာမှုကို NUG အစိုးရအနေနှင့် မြန်မာ့အရေး ထောက်ခံပံ့ပိုးနေသော ပြည်တွင်း၊ပြည်ပမှ ကျွမ်းကျင်သူများအား ဖိတ်ခေါ်ကာ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
“တော်လှန်ရေးက လေးနှစ်ကျော်ပြီ။ဒီနေ့ထိ နိုင်ငံတကာက ကြေညာချက်ထုတ် ထောက်ခံတာကို ပဲ တစိုက်မတ်မတ်လုပ်နေတာ ဘာ့ကြောင့်လဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ချက်သမ္မတနိုင်ငံသည် လွတ်လပ်မှုနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský က ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု NUGနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ချက်သမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ် အခိုင်အမာထောက်ခံမှုရှိသည့် နိုင်ငံ ဖြစ်သလို NUGကိုယ်စားလှယ်ရုံးကိုလည်း ချက်နိုင်ငံအတွင်း ဖွင့်လှစ်ခွင့်ပြုထားသည်။
စာတည်း-ML