By Hsu Yee/MPA
ယနေ့ကာလသည် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ရည်ညွှန်းလိုက်သည်။
ယနေ့(မတ်၂၇ရက်)ကျရောက်သော နှစ်၈၀ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားသို့ NUG အစိုးရ ပေးပို့သည့်သဝဏ်လွှာတွင် အထက်ပါအတိုင်း ရည်ညွှန်းထားခြင်းဖြစ်သည်။
“ကျတော်တို့ မှတ်ခဲ့ဖတ်ခဲ့တဲ့ ဂျပန်ဖက်ဆစ်ဆိုတာ တိုင်းတစ်ပါးသားဖြစ်ပေမဲ့ မြန်မာပြည်သူတွေကို ကြုံသလိုမသတ်ဘူး။အိုးအိမ်တွေကို မီးလောင်တိုက်မသွင်းဘူး။ပြောရရင် ဂျပန်ဖက်ဆစ်ဆိုတာ မူကြို အဆင့်ပဲရှိတယ်။အခု ခေတ်သစ်ဖက်ဆစ် စစ်ကောင်စီဆိုတာ ပါရဂူလွန်အဆင့်။ကိုယ့်ပြည်သူကိုယ် ဗုံးမိုးရွာရဲတဲ့ ကမ်းကုန်နေတဲ့ အဆင့်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။

ပြည်သူ့အခွန်ဘဏ္ဍာ ချွေးနည်းစာဖြင့် တည်ဆောက် ထားသည့် နိုင်ငံတော်ကာကွယ်ရေးယန္တရားသည် စစ်အုပ်စု၏ အဓမ္မအာဏာလုယူခဲ့မှုကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ရမည့် စစ်တပ်အဖြစ်မှ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်အား ရန်ပြုခြိမ်းခြောက် ဖျက်ဆီးနေသည့် ဖက်ဆစ်စစ်တပ်အသွင်သို့ ကူးပြောင်းလာခဲ့ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
NUGအစိုးရသည် ယခုခေတ်သစ်ဖက်ဆစ်မိစ္ဆာ စစ်အုပ်စုကို တိုက်ခိုက် နေကြသည့် ပြည်သူ့နွေဦး တော်လှန်ရေးတွင် တိုင်းရင်းသားပြည်သူများအားလုံးအကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက် လျက် ရှိကြောင်း မကြာမီကာလတွင် ပြည်သူများအားလုံး အတွက် အောင်ပွဲများဆွတ်ခူးနိုင်ပြီး အသစ်ပြန်လည်တည်ဆောက်မည့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်စွာဖြင့် ထူထောင်နိုင်ရန် မျှော်မှန်းဆန္ဒပြုကြောင်းလည်း ဆိုသည်။
ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ ဖက်ဆစ်မိစ္ဆာများကို ရရာနည်းလမ်းဖြင့် တော်လှန် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးဖြစ်စဉ်များအတွင်း အသက်၊ သွေး၊ ချွေးစတေး၍ ပေးဆပ်ခဲ့ကြ သည့် တိုင်းရင်းသား ပြည်သူများအားလုံး၏ စွန့်လွှတ်အနစ်နာခံမှုနှင့် တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ကို NUGအစိုးရအနေဖြင့် အစဉ်အမြဲ အောက်မေ့သတိရ လေးစားဦးညွှတ်ကြောင်း ထုတ်ပြန်သည်။