By Ra Wai / MPA
သင်္ကြန်ကာလတွင် ထိုင်းမှ ပြန်လာမည့်လူငယ်များကို စစ်မှုထမ်းအကြောင်းပြချက်ဖြင့် ခြိမ်းခြောက် ငွေညှစ်ရန် ချောင်းဆုံအာဏာပိုင်များ ဆောင်ရွက်နေကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လူလတ်ပိုင်းနှင့် လူငယ်အများစုမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြပြီး သင်္ကြန်ကာလရောက်တိုင်း ဇာတိမြေသို့ ပြန်လာလေ့ရှိကြောင်း ယခုနှစ်(၂၀၂၅ခုနှစ်)တွင် ပြန်လာမည့် လူငယ်များရှိပါက စစ်မှုထမ်းဥပဒေဖြင့် ခြိမ်းခြောက် ငွေညှစ်ရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များကြား ပြောဆိုနေခြင်းဖြစ်သည်။
“ထိုင်းကပြန်လာရင် ပိုက်ဆံတွေ ပါလာကြတာလေ၊ များသောအားဖြင့် ဧပြီတစ်လလောက် ရွာ ပြန်ကြတယ်။ ပြီးရင် ထိုင်းပြန်ပြီး အလုပ်ပြန်လုပ်ပေါ့၊ ရွာကို ခဏပြန်တာဆိုတော့ ပြန်လာတဲ့သူတွေ ငွေလည်း လှိုင်လှိုင် သုံးကြတယ်။ သူတို့က ထိုင်းမှာ ပြန်အလုပ်လုပ်ကြမှာဆိုတော့ စစ်မှုထမ်း ကိစ္စနဲ့ ငွေညှစ်လို့လည်း ကောင်းတာကိုး”ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းသို့စစ်မှုထမ်းအကြောင်းပြချက်ဖြင့် ခြိမ်းခြောက် ငွေညှစ်မည့်အစီအစဉ်မှာ ချောင်းဆုံမြို့နယ် စစ်မှုထမ်းခေါ်ယူရေးဥက္ကဌတာဝန်ယူထားသော ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၏ အကြံအစည် ဖြစ်နိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။
“ကျတော်တို့ ချောင်းဆုံမှာက ဇော်နိုင်ဝင်းရယ်၊ မျိုးဝင်းရယ်၊ ဖြိုးမင်းထွန်းရယ်က ငွေသာရမယ်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့သူတွေ၊ စစ်မှုထမ်းကိစ္စကို အဓိကကိုင်တာ ဇော်နိုင်ဝင်းဆိုတော့ သူနဲ့ အုပ်ကြီးတွေပေါင်းပြီး လုပ်မယ်ထင်တယ်။ကျတော်တို့လည်း ထိုင်းပြန်တွေဆီက ငွေညှစ်မယ့်သတင်း ကြားတယ်”ဟု ချောင်းဆုံမြို့နယ်၊ သက္ကောရွာနေ ပြည်သူတစ်ဦးက ပြောသည်။
ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၊ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးဝင်း( ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ)နှင့် ချောင်းဆုံ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တာဝန်ခံ တပ်ကြပ်ဖြိုးမင်းထွန်းတို့သည် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ လက်ရင်း တပည့်များဖြစ်ပြီး ၎င်းတို့သုံးဦးသည် ချောင်းဆုံတွင် အာဏာအကြီးဆုံးနှင့် ပြည်သူကို ဒုက္ခအပေး ဆုံးလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယနေ့(မတ်၂၆ရက်)အထိ ထိုင်းမှပြန်လာသူ ချောင်းဆုံသား မရှိသလောက် ရှားနေသေးကြောင်း ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးရွာနေ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
“ကြားရသိရသလောက် ဒီနေ့အထိ ပြန်လာတဲ့သူ ဇီးရိုးပဲ။ ကျမတို့ဆီကလူတွေက နယ်စပ်ကနေပဲ ပြန်လာကြတာဆိုတော့ အခု တိုက်ပွဲတွေနဲ့ ပေါ်တာဆွဲတာတွေနဲ့ ရွာပြန်ရောက်ပြီးမှ ထိုင်းပြန်လို့ မရတာမျိုးတွေ ဖြစ်နိုင်တော့ ပြန်မဲ့သူရှိတောင် တော်တော်နည်းမယ်”ဟု ၎င်းက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူတို့မှာ မွန်ပြည်နယ်စစ်ကောင်စီက အဓမ္မခွဲတမ်းချပေးသည့် စစ်မှုထမ်းအရေအတွက်အတိုင်း စစ်မှုထမ်းအပတ်စဉ်တစ်မှ ယခုနောက်ဆုံးအပတ်စဉ် ၁၁ ထိတိုင် အချိုးကျ စစ်မှုထမ်းကြေးငွေပေးကာ စစ်မှုထမ်းဌားရမ်းနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်မှုထမ်းအပတ်စဉ် ၁၀မှစတင်ကာ စစ်မှုထမ်းအဌားလိုက်မည့်သူ ရှားလာသဖြင့် ယခင်က စစ်မှုထမ်း ဌားရမ်းခ ကျပ်သိန်း၅၀ ရှိရာမှ သိန်း၆၀အထိ ဈေးတက်သွားကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် ပြည်သူတို့ အချိုးကျထည့်ဝင်ရသော စစ်မှုထမ်းကြေးငွေကို ဇော်နိုင်ဝင်းထံသို့ ပေးရပြီး ချောင်းဆုံအခြေစိုက်စစ်တပ်က စစ်မှုထမ်းမည့်သူ ဌားပေးကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ပြောသည်။