By Ra Wai / MPA
အဓမ္မစစ်သားစုဆောင်းခြင်းခံထားရသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်အပြည့်အစုံဖြင့် ဒေါနစစ်ကြောင်းထံ ခိုလှုံလာကြောင်းသိရသည်။
စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခြင်းခံရပြီး တနင်္သာရီအခြေစိုက် ခမရ ၅၅၈တွင် တာဝန်ကျနေသည့် တပ်သားအာကာတင်လင်းနှင့် နေလင်းအောင်တို့သည် သေနတ်နှစ်လက်၊ အခြားခဲယမ်းပစ္စည်းများနှင့်အတူ ဒေါနစစ်ကြောင်း၊ ဗျူဟာ ၃၃နယ်မြေအတွင်းသို့ မတ်လ ၂၅ရက်က ခိုလှုံလာကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
“ မြိတ်က တစ်ဦး၊ ပြည်ဘက်က တစ်ဦးပါ။နွားကျောင်းရင်း အဓမ္မ စုဆောင်းခံရတာက ပြည်က တစ် ယောက်ပါ။ မြိတ်က တစ်ယောက်က သူ့ညီ မဲပေါက်လို့ ကိုယ်စား ဝင်ရတာပါ” ဟု ဒေါနစစ်ကြောင်း တပ်ရင်းမှူး ရဲဘော်ရန်နိုင်က MPAသို့ပြောသည်။
ယင်းတပ်သားနှစ်ဦးကို ဆုကြေးငွေ ငါးသိန်းစီချီးမြှင့်ထားပြီး NUGကာကွယ်ရေးဝန်ကြီးဌာနထံသို့ တင်ပြထားသည့်အတွက် ဆုကြေးငွေ ထပ်မံရရှိလိမ့်မည်ဟု ၎င်းကဆိုသည်။
ယင်းတပ်သားနှစ်ဦးသည် ပုလောအခြေစိုက် အမှတ် ၁၂တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် သံဖြူဇရပ်မြို့နယ်အခြေစိုက် အမှတ်လေး တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ သင်တန်းဆင်း တပ်သားများဖြစ်သည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်သားနှစ်ဦးသည် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွား မည်ဟု ပြောကြားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ပြည်သူဘက်ရပ်တည်လိုသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်နိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။