By Mg Dagon / MPA
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် သမိုင်းတစ်လျှောက် လိုင်စင်မဲ့ကားများကို ဖမ်းဆီးမှု အပြင်းအထန်လုပ်ဆောင်နေသည်ဟု မြို့ခံများထံမှ သိရသည်။
လိုင်စင်မပါသည့် မော်တော်ကားများကို ဖမ်းမိလျှင် ယခင်က ပိုက်ဆံပေးပြန်လွတ်သော်လည်း ယခုအခါ တွေ့သည်နှင့် ချက်ချင်းကားသိမ်းခံရသည်ဟု ကြုံတွေ့ခဲ့ရသူ တောင်ကြီးမြို့ခံများက ပြောသည်။
“တောင်ကြီးမှာ အဲဒီသတင်းက အရမ်းဟော့ဖြစ်နေတယ်။ ဒါကြောင့် ကားနဲ့ တော်တော်များများ လမ်းမထွက်ရဲကြတော့ဘူး။ တကယ်အဖမ်းခံရပြီး အသိမ်းခံရတဲ့သူတွေလည်း ကျမအသိထဲရှိတယ်။ ကားပြန်မရဘူး” ဟု တောင်ကြီးမြို့ခံ အသက် ၃၃ နှစ်အရွယ်ရှိ ကားပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ သို့သော် ၎င်းအနေဖြင့် စီးမြဲစီးနေဆဲဖြစ်ပြီး အဖမ်းမခံရဖူးသေးကြောင်း ပြောသည်။
တောင်ကြီးတွင် ထိုကဲ့သို့ အဖမ်းအဆီးလုပ်နေမှုမျိုး သက်တမ်းတစ်လျှောက် တစ်ကြိမ်မျှ မကြုံဖူးသေးဘဲ နေပြည် တော်အဖွဲ့က ဆင်းဖမ်းသည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း နောက်ထပ် အသက် ၃၆ နှစ်အရွယ်ရှိ ကားပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့လည်း ထုတ်မစီးရဲဘူး။ မြို့ထဲမှာရော၊ မြို့ပြင်ပိုဖမ်းတယ်။ ထုံးဘို၊ BOC ၊ ဘုရားအဖြူအတက် နေရာစုံပဲ ဖမ်းတာ။ ကားကောင်းတွေကို ရွေးဖမ်းတယ်။ တချို့ တစ်ခါတည်း ကားသိမ်းခံရတယ်။ အသိကောင်မလေးတစ်ယောက်တော့ ဖမ်းခံရတာ ငါးသောင်းပေးပြီး လွတ်လာတယ်။ ကောင်မလေး ငယ်ငယ်ချောချောလေးမလို့လားမသိဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားအစီးရေ ၅၀၀ ကျော်ရှိပြီဖြစ်ပြီး တောင်ကြီးမြို့၊ မော်တော်ပီကယ်ရုံးရှေ့တွင် ထားရှိသည်ဟု သိရသည်။
ထိုကားများကို တောင်ကြီးမြို့ရှိ Non-CDM များကို လိုင်စင်လုပ်ပေးပြီးနောက် ချထားပေးမည်ဖြစ်သကဲ့သို့ အင်ဂျင်ပါဝါမြင့်ပြီး 2W/4W ကဲ့သို့ လမ်းကြမ်းမောင်းကားများကိုမူ စစ်ကောင်စီရှေ့တန်းတပ်များရှိရာ တောတွင်း၌ အသုံးပြုမည်ဟု တောင်ကြီးမြို့ခံများက တညီတညွှတ်တည်းပြောကြားသည်။
“ကျမတို့တော့ ဘာမှမကြားပါဘူး။ မဟုတ်လောက်ဘူးလို့လည်း ထင်တယ်။ အခုတောင် စိတ်ညစ်လို့ ထွက်မလို့လုပ်နေတာ” ဟု တောင်ကြီးမြို့ရှိ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ယခုကားကိစ္စအပါအဝင် အဖွဲ့စုံပါဝင်သည့် အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ထိုအကြောင်းသိထားသည့် မြို့ခံများထံမှ သိရသည်။
“အခုကားကိစ္စလည်းပါတယ်ပြောတယ်။ သေချာတော့ မသိရသေးဘူး။ အရင်ကတည်းကတော့ ဒီလိုမျိုးလုပ်ပေးမယ်လို့ အသံတွေက ထွက်ဖူးတယ်။ အခုက ပိုထွက်လာပြီး ပိုအဖမ်းကြမ်းလာတာ” ဟု ထိုအကြောင်းကို လိုက်လံစုံစမ်းနေသူ တောင်ကြီးမြို့ခံ ကားဝယ်/ရောင်းအမျိုးသားတစ်ဦးက ပြောသည်။
လတ်တလော တောင်ကြီးမြို့ရှိ အွန်လိုင်းပေါ်တွင် နာမည်ကျော်သည့် ကားဝယ်၊ ရောင်းများကို စစ်ကောင်စီလက်အောက်ခံများက အဝယ်ဟန်ဆောင်ကာ ဖမ်းဆီးမှုများလည်းရှိနေသကဲ့သို့ အချို့ဝယ်၊ ရောင်းများ၏ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခံရသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေကြောင်း ကားဝယ်၊ ရောင်းအသိုင်းအဝိုင်းထံမှ သိရသည်။
ယခုကဲ့သို့ လိုင်စင်မဲ့ကားစီးနင်းသူများကို အဖမ်းအဆီးကြမ်းကြမ်းတမ်းတမ်းပြုလုပ်နေခြင်းနှင့်ပတ်သက်၍ အသက် ၃၀ ကျော်အရွယ်ရှိ ကားပိုင်ရှင်အမျိုးသမီးတစ်ဦးက “ကားကမိုးပေါ်က ကျတာမဟုတ်ဘူးလေနော်။ အဝင်တော့လက်ခံထားပြီး ဒီဖက်ပဲ လာဖမ်းနေတာတော့ မဟုတ်သေးဘူး” ဟု ပြောဆိုသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့အပါအဝင် ဆီဆိုင်၊ ဟိုပုံး၊ ဟဲဟိုးနှင့် ညောင်ရွှေ စသည့်မြို့များတွင် လိုင်စင်မဲ့ကားများကိုသာ စီးနင်းသူများပြားပြီး အာဏာသိမ်းပြီးနောက် ပိုမိုများပြားလာသည့်အတွက် ကားဈေးနှုန်းများသည်လည်း နှစ်ဆကျော်အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။