By Mg Dagon / MPA
စစ်ကောင်စီအတွက် ဘတ်ဂျက်လိုငွေပြနေသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အသုံးစရိတ်ပိုမိုတိုးမြှင့်ထားကြောင်း ယမန်နေ့ မတ်လ ၂၄ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြောကြားသည်။
စစ်တပ်က နိုင်ငံတဝန်း လေကြောင်းဗုံးကြဲမှုများ နေ့စဉ်ကဲ့သို့ကြဲချတိုက်ခိုက်နေခြင်းကြောင့် ပြည်သူအများစိုးရိမ်မှုမြင့်တက်နေသည့်ကာလအတွင်း စစ်ကောင်စီခေါင်းဆောင်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ဘဏ္ဍာငွေများကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အသုံးစရိတ်များ တိုးမြှင့်ပေးနေတယ်” ဟု ယင်းအစည်းအဝေးနိဂုံးချုပ်အမှာစကားအတွင်း စစ်ခေါင်းဆောင်က ပြောသည်။
ထိုသို့ တိုးမြှင့်ပေးခြင်းမှာ နိုင်ငံတော်တည်ဆောက်ရေးအတွက်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပါက နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသွားသည်။
သို့သော် မည်မျှတိုးပေးမည်ဆိုသည့် ပမာဏအသေးစိတ်ကိုမူ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသွားခြင်းမရှိပေ။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကျပ်ဘီလီယံ ၁၃,၀၀၀ ကျော်သာရခဲ့သော်လည်း ကျပ်ဘီလျံ နှစ်သောင်းနီးပါးအထိ အသုံးပြုရန်လျာထားခဲ့သည်။ ထိုသို့ ဘတ်ဂျတ်လိုငွေ ကျပ်ဘီလျံ ၇၀၀၀ နီးပါးပြနေသည့်ကြားက ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကျပ်ဘီလျံ ၅၆၀၀ ကျော်အထိ သုံးစွဲရန် စစ်ကောင်စီက ခွင့်ပြုပေးခဲ့သည်။
ယင်းမှာ လွန်ခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က ကာကွယ်ရေးအသုံးစရိတ်ထက် ကျပ်ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်ချပေးခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏသည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ ထို့ကြောင့် ယခုဘဏ္ဍာနှစ်အတွင်း စစ်သုံးစရိတ် ပိုတိုးချပေးထားသည်ဟု ဆိုလာသည့်အတွက် ထပ်မံစံချိန်ချိုးသွားတော့မည်ဖြစ်သည်။
ဆက်လက်ပြီး ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင်ရန်လိုသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် ဘက်ဂျက်ရငွေများကို အမှန်တကယ်ရရှိစေရန်နှင့် သုံးငွေများကို အမှန်တကယ်အကျိုးရှိသည့် နေရာများတွင်သာ အသုံးပြုရန် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို စစ်ခေါင်းဆောင်က အမိန့်ပေးသွားသည်။
“နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာမှာ ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ စွမ်းရည်နဲ့ စွမ်းအားမြှင့်တင်နိုင်ရေးအတွက်လည်း ဘက်ဂျက်ငွေသုံးစွဲရတာတွေရှိတယ်။ နိုင်ငံတကာမှာလည်း အလားတူပဲဖြစ်တယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။
ထိုသို့ စစ်ခေါင်းဆောင်က ကာကွယ်ရေးအသုံးစရိတ် ထပ်မံတိုးမြှင့်မည်ဆိုခြင်းကြောင့် ဗုံးဒဏ်ခံဒေသများရှိ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင်များအနေဖြင့် ယခုထက် ဗုံးပိုမိုကြဲချတိုက်ခိုက်ခံရမည့်အရေးနှင့် စစ်ရေးပိုမိုမြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။
“ဒီအတိုင်းဆို မလွယ်ဘူး။ ဘယ်အချိန်အထိ တောထဲမှာဘဲ နေရမလဲမသိဘူး” ဟု အညာမြေ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
ထို့အတူ ယခုရက်ပိုင်းအတွင်း လေယာဉ်နှင့် ရဟတ်ယာဉ်များအပါအဝင် စက်တပ်လေထီးများဖြင့် ဗုံးဆက်တိုက်ကြဲချတိုက်ခိုက်ခံနေရသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ကာကွယ်ရေးစရိတ်တိုးလည်း မြေပြင်က သူတို့ ထပ်မတိုးလာနိုင်တော့ဘူး။ လေကြောင်းပဲ ကြောက်ရမယ်။ ပြည်သူတွေကတော့ ပိုခံရလိမ့်မယ်။ ဒီဘက်မှာတော့ အားလုံးနီးပါး ဗုံးခိုကျင်းတွေ တူးပြီးသလောက်ဖြစ်နေပါပြီ” ဟု ပြောသည်။
ယမန်နေ့ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသို့တက်ရောက်လာသည့် ဒုတိယစစ်ကောင်စီခေါင်းဆောင် စိုးဝင်းက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ နေရပ်စွန့်ခွာပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် ပြည်ထောင်စုတွင် ကျပ်ဘီလျံ ၂၀၀ ၊ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ငွေကျပ် တစ်ဘီလီယံစီ ဖြင့် ကျပ် ၁၅ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၂၁၅ ဘီလီယံ ခွင့်ပြုထားကြောင်း ပြောသွားသည်။
ထိုအစည်းအဝေးအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရသုံးမှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စုဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေကြမ်းတို့ကို စိစစ်အတည်ပြုနိုင်ခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားသွားသည်။