By Mg Dagon / MPA
ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့တော် တောင်ကြီးရှိ အကွက်ရိုက်ရောင်းထားသည့် မြေဧက ရာနှင့်ချီကို စစ်ကောင်စီက ဝယ်ယူထားသူများကို အသိမပေးဘဲ သိမ်းယူလိုက်ကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီ သိမ်းယူခဲ့သည့် မြေများမှာ တောင်ကြီးမြို့ ၊ ဘုရားဖြူရပ်ကွက်၊ ဗုဒ္ဓတက္ကသိုလ်အနီးနှင့် ကန်ကြီးရပ်ကွက်အပါအဝင် မွေတော်ကက္ကူဘုရားသို့သွားရာ မြို့ရှောင်လမ်းမဘေးတွင်တည်ရှိသည့် ညိုမီးနှင့် ဒုံခရားကျေးရွာရှိ မြေလွတ်များကိုဖြစ်သည်။
“ညိုမီးနားက ဧက ၃၀၀ ကျော်ပါတယ်။ အဲဒါက ရွာမြေတွေပါ။ ဗုဒ္ဓတက္ကသိုလ်နားကတော့ ဘယ်လောက်လဲ မသိဘူး။ ဒါပေမဲ့ ဒါက အရင်ကတည်းက အစိုးရပိုင်မြေတွေပါ။ ဝယ်ထားတဲ့သူတွေက ဒေသခံတွေမပါဘူး။ အဝေးက လူတွေချည်းပဲခံရတာ။ ညိုမီးကတော့ ကျမတို့လည်း သုံးကွက်ပါတယ်” ဟု မြေသိမ်းခံရမှုတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့မြေများသိမ်းမည့်အရေးနှင့်ပတ်သက်၍ မြေပိုင်ရှင်များထံ အကြောင်းကြားခြင်းမရှိဘဲ စစ်တပ်နှင့် ရဲတို့က လိုက်လံသိမ်းဆည်းနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
တောင်ကြီးမြို့၊ ညိုမီးကျေးရွာရှိ မြေဧက ၃၀၀ ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ အားကစားသင်တန်းကျောင်းအတွက် အဆောက်အအုံများဆောက်လုပ်ရန် သိမ်းယူခြင်းဖြစ်သကဲ့သို့ ဗုဒ္ဓတက္ကသိုလ်အနီးရှိ မြေကွက်များကို ကားကြီးကွင်းပြုလုပ်ရန်နှင့် လမ်းချဲ့ရန်အတွက်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖျက်ဆီးခဲ့ကြောင်း ထိုအကြောင်းသိရှိထားသည့်ဒေသခံများထံမှ သိရသည်။




ညိုမီးရွာနှင့်တဝိုက်မှာ ပအိုးဝ်ပြည်သူ့စစ်ဖြစ်သည့် ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်(PNO)စိုးမိုးသည့်နယ်မြေ ဖြစ်ပြီး ယခင် PNO က သိမ်းယူထားပြီးနောက် ပြည်သူများထံ အကွက်ရိုက်ရောင်းချထားသည့် ရွာမြေများဖြစ်သည်ဟု သိရသည်။
“အဲဒီက မြေတွေကို အရင်ကတည်းက ပအိုးဝ်တွေကလည်း သိမ်းတယ်။ စစ်တပ်ကလည်း သိမ်းချင် သိမ်းတယ်။ စိတ်ရှိသလို သိမ်းနေကြတာ။ ပြောချင်တာက စိတ်မချရဘူး” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် ဘုရားဖြူရပ်ကွက်၊ ဗုဒ္ဓတက္ကသိုလ်အနီးရှိ အစိုးရပိုင်မြေလွတ်မြေရိုင်းများကို မသမာသူများက ပေ ၁၀၀ ပတ်လည်အကျယ်အဖြစ် ခြံစည်းရိုးခတ် အကွက်ရိုက်ကာ အာဏာသိမ်းပြီးကာလအတွင်း လူမှုကွန်ရက်များပေါ်မှတစ်ဆင့် တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀ ဝန်းကျင်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အခြားဒေသများမှ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုမြေသိမ်းခံရမှုနှင့်ပတ်သက်၍ တောင်ကြီးမြို့ခံတစ်ဦးက “တချို့က သိသိလျက်နဲ့ ဝယ်ကြတဲ့သူတွေရှိတယ်။ အဲဒီလူတွေကတော့ တစ်ချိန်မှာ တစ်ခုခုလုပ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့နော်။ တချို့ကတော့ မသိဘဲ ခံကြရတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဒီဘက်မှာက အဲဒီလို အကွက်ရိုက်ရောင်းတာတွေ အများကြီးပဲ။ အရင် NLD လက်ထက်ကတည်းကပဲ၊ အာဏာသိမ်းပြီးနောက် ပိုတောင်ဆိုးလာသေးတယ်။ သေချာမစုံစမ်းဘဲ ဝယ်ရင် ဒုက္ခတွေ့လိမ့်မယ်” ဟု ပြောသည်။
ထို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် မြေကွက်များကို အကွက်ရိုက်ပြီး ပြန်ရောင်းနေသည့်အပေါ် သတိထားရန်၊ အွန်လိုင်းမှ မြေများ ရောင်းချနေသူများကို မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုကဲ့သို့ မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ ထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ထားသည်။