By Mg Dagon / MPA
စစ်ကောင်စီက ကျင်းပရန် အပူတပြင်းကြိုးပမ်းနေသော အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံးအသုံးပြုရန်ပြင်ဆင်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
ယမန်နေ့ (မတ် ၂၄ ရက်)က နေပြည်တော်ရှိ UEC ရုံး၌ပြုလုပ်သည့် ယခုနှစ်အတွက် ပထမဆုံးအဖြစ်ကျင်းပမည့် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲသို့ UEC ဥက္ကဋ္ဌနှင့်အဖွဲ့လာရောက်ချိန် အထက်ပါအတိုင်း ၎င်းက ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“MEVM စက်များအသုံးပြုပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ လက်တွေ့စမ်းသပ် မဲပေးဆောင်ရွက်တာကတစ်ဆင့် ရရှိလာတဲ့ အကြံပြုချက်တွေအပေါ် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီးပါပြီ။ စနစ်ပိုင်းဆိုင်ရာသာမက လုံခြုံစိတ်ချရမှုအပိုင်း၊ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုအပိုင်း၊ ကြံ့ခိုင်မှုနဲ့ အရည်အသွေးကောင်းမွန်မှုအပိုင်းတွေမှာပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်” ဟု စစ်ကောင်စီခန့် ရွေး/ကော် ဥက္ကဋ္ဌက ပြောသည်။
စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းအစား MEVM စနစ်ဖြင့် ပထမဆုံးမဲပေးရမည်ဖြစ်သည့်အတွက် ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိဝန်ထမ်းများကို ယင်းစက်ကိုင်တွယ်နည်းသင်တန်းများပို့ချပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း ကိုးခုတွင် ရွေး/ကော်ဝန်ထမ်း ၂၂၇ ဦးကို သင်တန်းပို့ချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်ငါးခုနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများအပါအဝင် အဖွဲ့အစည်း ၄၇ ဖွဲ့တို့ရှိ မဲဆန္ဒရှင်ပြည်သူများ၊ နိုင်ငံရေးပါတီ ၃၅ ပါတီမှ ကိုယ်စားလှယ်များကို ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီရွေး/ကော်ထံမှ ပြောသည်။
မကွေးနှင့် ဧရာဝတီတိုင်းတို့၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသားများ တက်ရောက်ကြမည့် ယခုသင်တန်းကို မတ်လ ၂၆ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် မည်သို့ပါဝင်မည်နည်းဟု MPA က စစ်ကောင်စီရွေးကောက်ပွဲအပြည့်အဝကျင်းပခွင့်ရှိနေသေးသော ရန်ကုန်မြို့ရှိ ပြည်သူအချို့ကို မေးမြန်းချိန်တွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း ဖြေဆိုကြသည်။
“ဘာတွေဘယ်လိုပဲပြင်ဆင်ပြီးနေဦးတော့ မဲပေးဖို့ ဆန္ဒမရှိပါဘူး။ တတ်နိုင်သမျှ၊ ရှောင်နိုင်သမျှရှောင်သွားမှာပါ” ဟု ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အသက် ၄၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
အလားတူ ရွှေပြည်သာမြို့နယ်က အသက် ၄၀ ကျော်အရွယ်ရှိအမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့က ကိုယ်နဲ့ထိုက်တန်မယ်ထင်တဲ့ အစိုးရကို ရွေးချယ်ပြီးသွားပါပြီ။ အခုလုပ်မယ့် ရွေးကောက်ပွဲက တရားမဝင်ပါဘူး။ ပါဝင်ဖို့ ဆန္ဒမရှိပါဘူး” ဟု မှတ်ချက်ပေးသည်။
သို့သော် စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်ကောင်စီရွေး/ကော်၌ မှတ်ပုံတင်ထားသည့် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲက အရေးကြီးသည်ဟု ပြောသည်။
ယမန်နေ့ မတ်လ ၂၄ ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC -2)တွင် ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စစ်ကောင်စီလက်အောက်ခံသတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားမှုအတွင်း ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။
“လက်ရှိနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့အတွက် ရွေးကောက်ပွဲက အရေးကြီးလာပါတယ်။ ဒါ့ကြောင့်လည်း ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍ၊ နောက်ပြီး ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအဲဒီကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အမြဲတမ်းကျွန်တော်တို့က တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုတဲ့ ယုံကြည်မှုခိုင်မာနေသရွေ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးမျှော်လင့်ချက် အားကောင်းနေမယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
အဆိုပါ စစ်ကောင်စီက ဦးဆောင်ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ ၂၆ ရက်နေ့အထိ သုံးရက်ကျင်းပမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွင်း ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ဦးမျှ အရွေးမခံခဲ့ရပေ။
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထုနှင့် နိုင်ငံတကာက ကန့်ကွက်နေသည့်ကြားမှ ရုရှားနှင့် တရုတ်တို့ အားကိုးဖြင့် ရွေးကောက်ပွဲကို အစောဆုံးအနေဖြင့် ယခုနှစ် ဒီဇင်ဘာ သို့မဟုတ် လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း နောက်အကျဆုံးပြုလုပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လ ဒုတိယပတ်အတွင်း ဘယ်လာရုစ်နိုင်ငံတွင် ရောက်ရှိနေစဉ် ထုတ်ဖော်ပြောကြားထားသည်။
ပြည်သူလူထုက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရှိနေသည့်ကြားမှ တစ်ခဲနက်မဲထွက်ပေး ရွေးချယ်ထားသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနိုင် အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အစိုးရသစ်တက်ရောက်နိုင်ရန် လွှတ်တော်များစတင်ခေါ်ယူကျင်းပမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ တစ်ရက်နေ့ မနက်အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ခေါင်းဆောင်များကို ဖမ်းဆီး အာဏာသိမ်းခဲ့သည်။