By Ko Paing / MPA
ရန်ကုန်မြို့တွင် စစ်မှုထမ်းအပတ်စဉ်၁၂အတွက် လူဖမ်းဆီးမှုများ ပြန်စိပ်လာပြီ ဖြစ် ကြောင်း သိရသည်။
စစ်မှုထမ်းအပတ်စဉ်၁၂ အတွက် လူသစ်စုဆောင်းမှုကို စတင်ပြုလုပ်နေပြီဖြစ်၍ ရန်ကုန်မြို့၌ ညအ ချိန် လူဖမ်းမှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေကြောင်း ရန်ကုန်အခြေစိုက် ရဲသတင်းရင်းမြစ်ထံက သိရ သည်။
“စစ်မှုထမ်းအပတ်စဉ်များလာလေ လူမရလေပဲ။အဲဒါကြောင့် ရန်ကုန်မှာရှိတဲ့ နယ်မြေခံ စစ်တပ်နဲ့ ရဲ၊ပြီးတော့ သူတို့လက်ပါးစေပေါ့။မြို့စွန်တွေမှာ ဒီရက်ပိုင်း ဆွဲတာများလာတယ်”ဟု ၎င်းက MPAသို့ ပြောသည်။
မတ်လ၂၁ရက်၊ညခုနှစ်နာရီခွဲခန့်တွင် လှည်းတန်းခုံးကျော်တံတားအနီး လမ်းလျှောက်လာသော သားအမိနှစ်ဦးအနက် အသက်၂၀ခန့်အရွယ်ရှိသားဖြစ်သူကို အိမ်စီးကားတစ်စီးပေါ်မှ လူများဆင်းလာကာ ဖမ်းဆီးသဖြင့် အော်ဟစ်ရုန်းကန်ထွက်ပြေးရာ လွတ်မြောက်သွားကြောင်း Rangoon Scout Network က သတင်း ထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Rangoon Scout Networkမှ တာဝန်ရှိသူတစ်ဦးက” စစ်တပ်က ဆွဲတာလို့ပြောဖို့ ကျတော်တို့မှာ တပ်အပ် သက်သေ မရှိသေးပါဘူးဗျ။ ဒါပေမဲ့၊ ဒေသခံတွေ ပြောနေကြတာအရ စစ်တပ်နဲ့ ရဲတွေ ခိုင်းထားတဲ့ အဖွဲ့တွေ လိုက်ဆွဲနေတာလို့ သိရပါတယ်” ဟု ပြောသည်။
လှည်းတန်းခုံးကျော်တံတားအနီး လူဖမ်းဆီးမှုမှာ စစ်မှုထမ်းအတွက်ဟုယူဆကြောင်း ၎င်းက ဆက် လက်ပြောသည်။
“ညတိုင်းလိုလို လုပ်နေတာပါဗျ။ စစ်မှုထမ်း လူပို့ဖို့ Deadline နီးလာရင် ပိုဆိုးပါတယ်။ ခုနောက်ပိုင်း စစ်တပ်နဲ့ ရဲတွေ ကိုယ်တိုင်ဆွဲတာထက် လူမိုက် သို့မဟုတ် ပျူတွေကို တစ်ဆင့်ခံပြီး ဆွဲခိုင်းတာ ပိုတွေ့လာရတယ်ဗျ”ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်းအတွက် လူ လိုအပ်ချက်များနေသည့်အချိန်တွင် တစ်ညလျှင် ရန်ကုန်မြို့ရှိ လူငယ် ၃၀ကျော် စစ် ကောင်စီတပ်၏ ကင်းလှည့် ဖမ်းဆီးခြင်းခံရကြောင်း Rangoon Scout Network က ဆိုသည်။