By Nway / MPA
ပဲခူးတိုင်း၊ ပြည်မြို့တွင် မိဘမဲ့ကျောင်းနှင့် ဘုန်းကြီးကျောင်းများ၌ နေထိုင်သည့် လူငယ်စာရင်းကို စစ်ကောင်စီက လိုက်လံကောက်ယူနေကြောင်းသိရသည်။
မတ်လဆန်းမှစ၍ မိဘမဲ့ကျောင်းနှင့် ဘုန်းကြီးကျောင်းများသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ထွေ အုပ်ဝန်ထမ်းတို့ သွားရောက်ကောက်ယူခြင်းများ ရှိပြီး ရပ်ကွက်ရုံးများတွင်လည်း စာရင်းပြုစုခြင်းများ ရှိကြောင်း ပြည်မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။
” ကျောင်းတွေမှာ အရင်သွားကောက်တာ။ ဒါပေမဲ့၊ ထွက်ပြေးတာဘာညာရှိလို့လားမသိဘူး။ နောက်ကျ ရပ်ကွက်ရုံးမှာပဲ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေကို မေးပြီး ကောက်တော့တယ် ” ဟု ၎င်းက MPA ကို ပြောသည်။
စာရင်းကောက်ယူရာတွင် လက်ရှိပညာအရည်အချင်း၊ လက်ရှိပညာသင်ကြားနေခြင်းရှိမရှိနှင့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တို့ကို မေးမြန်းကြောင်း သိရသည်။
” ဘုန်းကြီးကျောင်းတွေမှာ ကပ္ပိယလိုလည်း မဟုတ်ဘဲ လာနေကြတဲ့လူငယ်တွေရှိတယ်။ တချို့ကျောင်းတွေမှာကျ ငယ်ငယ်ကတည်းက ကိုရင်ဝတ်၊ အသက်ကြီးမှ လူထွက်ပြီး ဘုန်းကြီးကျောင်းမှာ ကပ်နေတဲ့လူတွေလည်း ရှိတယ်။ ဒါကလည်း လူနည်းစုပါ။ ဒီလိုဟာတွေအထိ စာရင်းကောက်ပြီး စစ်မှုထမ်းဖို့ခေါ်နေတာတော့ ရုပ်ပေါက်ပါတယ် ” ဟု ပြည်မြို့၊ ရွာဘဲနယ်မြေနေ ပြည်သူတစ်ဦးကပြောသည်။
ယင်းသို့ စာရင်းကောက်နေခြင်းသည် စစ်မှုထမ်းအဖြစ် အဓမ္မသွတ်သွင်းရန် ကနဦးခြေလှမ်းဖြစ် ကြောင်း ဒေသခံအချို့က ယူဆကြသည်။
ပြည်မြို့ပေါ်တွင် ထင်ရှားသည့် မိဘမဲ့ကျောင်းတစ်ကျောင်းရှိပြီး ၂၀၁၉ခုနှစ်၊ ပြည်မြို့ထွေအုပ်ရုံး၏ ထုတ်ပြန်ချက်အရ ပြည်မြို့နယ်တစ်ခုလုံး၌ ဘုန်းကြီးကျောင်း ၆၆ကျောင်းရှိကြောင်း သိရသည်။
စစ်မှုထမ်းအပတ်စဉ်၁၁ ကို မတ်လ ၁၇ရက်တွင် စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ဖွင့်လှစ်ခဲ့သည်။