By Mg Dagon / MPA
ပြည်သူအများထိခိုက်နစ်နာမှုကြီးမားစေသော စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုများတွင် လက်အောက်ခံများက ငွေကြေးမသမာမှုများပြုလုပ်နေသည့်အတွက် နေ့စဉ်ဖြေရှင်းနေရကြောင်း ဒုတိယ စစ်ကောင်စီခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလိုက်သည်။
ယမန်နေ့ (မတ် ၂၀ ရက်)က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောတပ်နယ်သို့ ရောက်ရှိနေချိန် ဩဇာခံများနှင့်တွေ့ဆုံချိန် ၎င်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်တပ်ကထုတ်ထားသည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံကို ကာကွယ်ရန်အတွက် စစ်ကောင်စီတပ်တွင် အင်အားတောင့်တင်းရန်လိုအပ်ကြောင်း အာဏာသိမ်းခဲ့ရာတွင် ဒုတိယနေရာမှ တာဝန်ရှိနေသူ ဒုစစ်ကောင်စီခေါင်းဆောင်က ပြောသည်။
ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ သတ်မှတ်အရည်အချင်း ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ သင်တန်းများဖွင့်လှစ်သင်ကြားပေးကာ ခန့်အပ်တာဝန်ပေးလျက်ရှိသည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောသည်။
သို့သော် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက မလိုလားအပ်သည့် ငွေကြေးမသမာမှုများဖြင့် လုပ်ဆောင်နေသည့်အတွက် ပြည်သူ့စစ်မှုထမ်းအချို့ အခက်အခဲဖြစ်ပေါ်နေရပြီး အဆိုပါပြဿနာကိုလည်း နေ့စဉ်ဖြေရှင်းနေရကြောင်း ၎င်းက ပြောသည်။
“ဒါကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီး အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့တွေရဲ့ မှားယွင်းတဲ့လုပ်ဆောင်မှုတွေတွေ့ရှိပါက သက်ဆိုင်ရာထံ အချိန်နဲ့တပြေးညီ အသိပေးတင်ပြဆောင်ရွက်ပေးကြဖို့လိုတယ်” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးကဆိုသည်။
စစ်မှုထမ်းစုဆောင်းရာတွင် ထိုသို့မသမာမှုများဖြစ်ပေါ်နေသည်မှာ စစ်မှုထမ်းစတင်ခဲ့သည့် ပြီးခဲ့သည့်နှစ် မတ်လကတည်းကဖြစ်ကြောင်း ကြုံတွေ့နေရသူအရပ်သားများထံမှ သိရသည်။
“စစ်မှုထမ်းစပေါ်လာကတည်းက ပိုက်ဆံပေး လူစားထိုးတဲ့ဈေးကွက်က ပေါ်လာတာ။ နယ်တွေဘက်မှာ ပိုဆိုးတယ်။ မြို့ပေါ်မှာတော့ သိပ်မလုပ်ကြဘူးဆိုပေမဲ့ ရှိနေတာပဲ။ စပေါ်ကတည်းက အနည်းဆုံး သိန်း ၃၀ ကနေ ၅၀ လောက်အထိ ပေးရတယ်။ တချို့ဆို သိန်း ၁၃၀ အထိပေးရတယ်လို့ကြားသိရတယ်” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
အင်းစိန်မြို့နယ်အတွင်းတွင်လည်း ယခုနှစ်ဆန်းပိုင်းအတွင်း စစ်မှုထမ်းမဲနှိုက်မှုများ မကြာခဏပြုလုပ်ခဲ့သော်လည်း ယခုမတ်လအတွင်း ပြန်လည်ငြိမ်သက်သွားကြောင်း သိရသည်။
ထို့အပြင် မရမ်းကုန်းမြို့နယ်အတွင်း စစ်မှုထမ်းမဲစာရင်းပေါက်သည့်အတွက် ဆင့်ခေါ်စာရထားသူ အမျိုးသားတစ်ဦးကလည်း “ကျတော့်ကိုတော့ မဲပေါက်တယ်ဆိုပြီး ဆင့်ခေါ်စာ ပို့လို့ ငွေပေးဖြေရှင်းလိုက်ရတယ်။ ပမာဏကတော့ အများသိထားတဲ့ဈေးပါပဲ” ဟု ပြောသည်။
ထိုသို့ စစ်မှုထမ်းလူစားထိုးဈေးကွက်ပြုလုပ်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် လက်အောက်ခံများဖြစ်သည့် ပျူစောထီးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်း ပေါ်တာဆွဲခြင်းကို ပြုလုပ်ကြခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မဲပေါက်သူများအတွင်း ငွေကြေးတတ်နိုင်သူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ညှိနှိုင်းကာ ပမာဏကို ခွဲဝေယူကြခြင်းဖြစ်သည်။
“ကျမတို့ဘက်မှာတော့ လူစားထိုးမယ်ဆိုရင် သိန်း ၁၂၀ လောက်ပေးရတယ်။ မပေးနိုင်ရင် စစ်သင်တန်းထဲ ထည့်လိုက်တာပဲ” ဟု ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် စစ်အစိုးရက ရေးဆွဲပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့တွင် နည်းဥပဒေကို အတည်ပြုထုတ်ပြန်ခဲ့သည်။
ယခု မတ်လ ၁၇ ရက်နေ့တွင် နောက်ဆုံးအပတ်စဉ်အဖြစ် အပတ်စဉ် ၁၁ ကို စခန်းသွင်းထားပြီး အပတ်စဉ် ၈ အထိ သင်တန်းဆင်းထားပြီးဖြစ်သည်။ စစ်ကောင်စီဘက်က အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ငါးထောင်သင်တန်းပေးမည်ဟုပြောဆိုထားသည့်အတွက် တစ်နှစ်ကျော်ကာလအတွင်း စစ်သား ၅၅,၀၀၀ ဦးကို စုဆောင်းထားပြီး လူငယ်လူရွယ် ၄၀,၀၀၀ ဦးခန့် ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံရပြီးဖြစ်သည်ဟု နားလည်ရသည်။