By Hsu Yee / MPA
မြန်မာအမျိုးသမီးတို့၏ နွေဦးတော်လှန်ရေးတွင် ပါဝင်နေမှုနှင့် မယိမ်းယိုင်သော ကတိကဝတ်တို့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
မတ်လ၁၈ရက်၊ “Beijing+30: Resisting Authoritarianism and Conflict – Myanmar Women’s Fight for Rights and Equality” ခေါင်းစဉ်ဖြင့်ကျင်းပသော CSW69 Side Event ၌ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကျေးဇူးတင် စကားပြောကြားရာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
“နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်တပ် လက်ချက်နဲ့ ပထမဆုံးကျဆုံးခဲ့တဲ့ မြသွဲ့သွဲ့ခိုင်ကစလို့ အခုဆိုရင် အမျိုးသမီး ၁၀၀၀ ကျော် ကျဆုံးနေပါပြီ။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေ ဆုံးခဲ့ရတဲ့ အမျိုးသမီးတွေလည်း မနည်းတော့ပါဘူး။အမျိုးသမီးတွေ၊အရွယ်မရောက်သေးတဲ့ကလေး တွေကို စိတ်ထင်ရာစိုင်သတ်နေတဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ ဒဏ်ခတ်မှုတွေလုပ်ဖို့နဲ့ နွေဦးတော်လှန်ရေးအပေါ် လက်တွေ့ကျတဲ့ အကူအညီတွေပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပျက် ကွက်နေမှုကလည်း ဒီနေ့ထိတိုင်ပါပဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ ပြောသည်။
ယခုဆွေးနွေးနေစဉ်၌ပင် စစ်တပ်က အရပ်သားပြည်သူလူထုအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် စျေးများပါဝင်ကြောင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များက အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများ၏ဒဏ်ကို ခါးစည်းခံနေရကြောင်း သံအမတ်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် တရားမျှတမှု မလွဲဧကန် ဖြစ်ပေါ်စေရန် နိုင်ငံတကာအသိုက်အဝန်းထံမှ ပိုမိုကြီးမားပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိသော ထောက်ပံ့မှုများ တောင်းဆိုလိုကြောင်း သံအမတ်ကြီး ကပြောသည်။
အဆိုပါ Side Event ကို မြန်မာနိုင်ငံ၏ အမျိုးသမီး အခွင့်အရေး ကာကွယ်မြှင့်တင်မှုတွင် ဉီးဆောင် ပါဝင်နေကြသည့် GEN နှင့် အခြား မြန်မာအမျိုးသမီးအဖွဲ့များက ဉီးဆောင်ကျင်းပခြင်းဖြစ်ပြီး NUG အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးလည်း တက်ရောက်ခဲ့သည်။